မန္တလေး နိုင်ငံကူးလက်မှတ်ရုံးတွင် နေရာတန်းစီခ ကျပ် ၄ သိန်းအထိ ပေါက်ဈေးရှိ

By ကီရာ (မဇ္ဈိမ)
07 December 2023
မန္တလေး နိုင်ငံကူးလက်မှတ်ရုံးတွင် နေရာတန်းစီခ ကျပ် ၄ သိန်းအထိ ပေါက်ဈေးရှိ
ပုံ - ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးအရှေ့တွင် ထိုင်ခုံနေရာများဝယ်ယူ၍ တန်းစီ စောင့်ဆိုင်း နေကြပုံ။

မန္တလေးရှိ နိုင်ငံကူးလက်မှတ်ရုံးအတွင်း ဝင်ရောက်နိုင်ရန် ယင်းရုံးအရှေ့၌ တန်းစီသည့်နေရာ ရရှိရန်အတွက် နေရာဝယ်ယူသည့် ဈေးနှုန်းများသည် ကျပ် ၄၀၀,၀၀၀ အထိ ပေါက်‌ဈေးရှိနေပြီး နေရာတန်းစီရန် နေ့စား အငှားထားရှိထားကြောင်း နိုင်ငံကူးလက်မှတ် သွားရောက်လုပ်ဆောင်ကြသူများက ပြောသည်။

နေရာတန်းစီခအနေဖြင့် အမှတ်စဥ်လူ(၁)မှ (၃၀)အတွင်း ကျပ် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိရှိပြီး ၊ အမှတ်စဥ်(၄၀)မှ(၇၀)အတွင်း ကျပ် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ၊  အမှတ်စဥ်လူ(၁၀၀) အနောက်ပိုင်းကို ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၃၀,၀၀၀ အထိ ဈေးနှုန်းအမျိုးမျိုး ယူကြသည်ဟု နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ဆောင်ကြသူများက ပြောသည်။

ထို့အပြင် နေရာရောင်းချနေသည့် နေရာပွဲစားတဦးထံတွင် ဆက်လက် ဈေးနှုန်းစုံစမ်းကြည့်ရာ အမှတ်စဥ်လူ(၁)မှ (၁၀၀)အတွင်း ကျပ်၂၅၀,၀၀၀ အထိယူပြီး (၁)မှ (၅၀) အတွင်း ဆိုပါက ဈေးတမျိုး ထပ်မံပြောင်းလဲမည်ဖြစ်ကြောင်း ပြောသည်။ 

“လာတန်းစီတဲ့ လူ ၄၀ရာခိုင်နှုန်းက ပွဲစားလူတွေပဲဗျ။ ပွဲစားက ရပ်ကွက်ထဲက လူတွေကို နေ့စားပေးလုပ်ကြတာ။ ဥပမာ (၁)ကနေ (၅၀)အတွင်း နေရာလုနိုင်ရင် ၁၅၀,၀၀၀ ၊ ၂၀၀,၀၀၀ လောက် ပြန်ရောင်းကြတယ်။ သူတို့နေ့စားကလည်း သူတို့လုနိုင်တဲ့ နေရာအပေါ် မူတည်ပြီး ရကြတာပေါ့၊ အနည်းဆုံး ၅၀,၀၀၀ လို့တော့ ပြောကြတယ်”ဟု နိုင်ငံကူးလက်မှတ် သွားရောက်တန်းစီသူတဦးက ပြောသည်။

မန္တလေး နိုင်ငံကူးလက်မှတ်ရုံးသည် တနေ့လျင် လူအယောက် ၂၀၀ အထိ နိုင်ငံကူးလက်မှတ် လုပ်ပေးပြီး အဆိုပါ လူ၂၀၀အတွင်း နေရာတန်းစီနိုင်ရန်အတွက် ည ၁၂ နာရီကျော်မှ စတင်၍ လာရောက်တန်းစီကြရပြီး ရဲများက ရိုက်နှက် မောင်းထုတ်ပါက ထွက်ပြေး တိမ်းရှောင်ရလေ့ရှိကြောင်း နိုင်ငံကူးလက်မှတ် လာရောက်လုပ်ဆောင်သူတဦးဖြစ်သည့် ကိုမျိုး (အမည်လွှဲ)ကလည်း ထပ်မံဖြည့်စွက် ပြောသည်။

“မနက် ၁၂နာရီ နဲ့ ၂နာရီလောက်ကနေ ထပြီး စီရတယ် ။ ဒါပေမယ့် လုပ်တဲ့သူများတော့ မရဘူး လိုက်မောင်းတဲ့သူက ၄ နာရီထိုးမှ ဆိုပြီး ၆၆/၁၂ထောင့်ကနေ ၄နာရီထိုးတာနဲ့ ပြေးရပါတယ်။ လူ ၄၀၀နဲ့ ၅၀၀ လောက်ရှိတော့ ဒူးကွဲ ထိခိုက်ဒဏ်ရာရတာတွေလည်း များပါတယ်။ တချို့ဆိုရင် ဖုန်းမှန်ကွဲ ဒူးပြဲပြီး ငိုပြီးပြန်ကြတယ်။ မိန်းကလေးတွေ အများကြီး အန်တီကြီးတွေရော “ဟု ၎င်းက ပြောသည်။

ထို့အပြင် နေရာတန်းစီရန်အတွက် ဘုန်းကြီးကျောင်းတွင် လာရောက်တည်းခိုကြရသည်ဟု နိုင်ငံကူးလက်မှတ်ရရန် နေရာလာရောက်တန်းစီသူအမျိုးသမီးတဦးက ပြောသည်။

“ ခေတ်ကာလက မကောင်းတော့ အချိန်မရှိ မသွားရဲဘူး အဲ့ဒါ့ကြောင့် တယောက်နဲ့တယောက်စုံစမ်းပြီး ရုံးအနီးအနား ဘုန်းကြီးကျောင်းမှာ တည်းပါတယ်။ ဘုန်းဘုန်းကို တယောက် ၅,၀၀၀ လှူခဲ့ပါတယ် ။ ဘုန်းကြီးကျောင်းကနေ ည ၁၂နာရီမှာထပြီး ရုံးနားမှာ ဝဲလည်လည်လုပ်ပြီး တန်းစီရပါတယ်။ ရုံးထဲကလူတွေက မနက် ၃နာရီဆိုရင်ထွက်လာပြီး အခြေအနေကြည့်ပါတယ် ။ အရင်ညတွေက တန်းစီတဲ့လူတွေပြောတာတော့ ရဲကလိုက်ဖမ်းရင် ပြေးကြရတယ် ကျုံးနား မီးပွိုင့်ထိ ပြေးရတယ်။

 ဒူးပြဲ တချို့ဆိုရင် တက်နင်းခံရတယ် ။ အန်တီကြီးတယောက်ဆိုရင် ဝတယ်၊ သူက သုံးရက်ရှိပြီတဲ့ လာတန်းစီတာ၊ အရင်ရက်က သူတို့ဖမ်းတော့ ပြေးတာဖုန်းကျနေခဲ့တယ်တဲ့ စိတ်မကောင်းဘူး တကယ်ပါ”ဟု အဆိုပါ အမျိုးသမီးက ၎င်းအတွေ့အကြုံကို ပြောပြသည်။

ထို့အပြင် ကိုမျိုး (အမည်လွှဲ)သည်လည်း နေရာတန်းစီရာတွင် နှစ်တွဲ တန်းစီရပြီး နှစ်တွဲမဖြစ်ဘဲ ဘေးတွင် ထွက်နေပါက နံပတ်တုတ်ဖြင့် လိုက်ရိုက်သည့်အတွက် အရိုက်ခံရမည်စိုးကာ အနောက်တန်းသို့ သွားသွားနေရသဖြင့် နိုင်ငံကူးလက်မှတ်ရုံးကို သုံးရက်ဆက်တိုက် သွားရောက်တန်းစီခဲ့သော်လည်း နေရာရရှိခဲ့ခြင်းမရှိသဖြင့် ငွေကျပ် ၁၅၀,၀၀၀ ဖြင့် နေရာ ဝယ်ယူခဲ့ရကြောင်း ပြောသည်။ 

“နှစ်တွဲတန်းရတာ တချို့က ဘေးကတွန့်တော့ နှစ်တွဲက တယောက်ထွက်ရော အဲ့တော့ အဲ့ထွက်နေတဲ့လူက အရိုက်ခံရတယ် ။ ကျွန်တော်လည်း အဲ့လိုဘေးကတွန့်တော့ ဘေးရောက်ရောက်သွားတာ အရိုက်ခံရမှာကြောက်လို့ အနောက်ပဲ သွားရင်း သွားရင်းနဲ့ မရခဲ့တာပါ”ဟု ၎င်းက ပြောသည်။

မန္တလေး နိုင်ငံကူးလက်မှတ်ရုံးအနေဖြင့် လာရောက်တန်းစီသူများကို ပိုမိုစနစ်တကျ လုပ်ဆောင်ပေးရန် လိုအပ်နေပြီး ပေါ်ပေါ်ထင်ထင် နေရာလုပြီး နေရာပြန်လည်ရောင်းချနေသူများကိုလည်း ဟန့်တားပေးနိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံကူးလက်မှတ်လာရောက်တန်းစီကြသူများက ပြောသည်။

ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ရုံးကိုမူ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ၂၄ရက်က စတင်၍ အွန်လိုင်း ဘိုကင်စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ အွန်လိုင်း ဘိုကင်ရယူထားရှိပြီးသူ စာရင်းသည် ၂၀၂၄ခုနှစ် မေလ ၇ရက် အထိဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ဖော်ပြချက်မှတဆင့် သိရသည်။

ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးတွင်လည်း ခုံနေရာ ရောင်းချသူများ ရှိနေသော်လည်း ဈေးနှုန်းများသည် ထောင်ဂဏန်းဝန်းကျင်ခန့်သာရှိပြီး အွန်လိုင်းဘိုကင်စနစ်ဖြင့် လာရောက်ကြသူများဖြစ်သည့်အတွက် နေရာလုခြင်းများ ဖြစ်ပေါ်ခြင်းမရှိကြောင်း သိရသည်။

 ရန်ကုန်ရှိ အွန်လိုင်းဘိုကင် ပွဲစားများသည်လည်း ဘိုကင်တခုကို ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ်ဖြင့် လုပ်ဆောင်ပေးကြသော်လည်း ကိုယ်တိုင် ဘိုကင် တင်ကြသူများသဖြင့် ပွဲစားဖြင့် ဝန်ဆောင်မှုရယူသူ နည်းပါးကြောင်း နိုင်ငံကူးလက်မှတ်လုပ်ဆောင်သူများက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly