ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ခရိုင် ဘဏ္ဍာအခွန်ဌာနမှ အစိုးရအရာရှိလေးဦး၏ ဘဏ်အကောင့်များတွင် ဘတ် နှစ်ဘီလီယံကျော် (ဒေါ်လာ ၅၇ သန်း) ရှိနေသည်ကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါ အရာရှိလေးဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အကျင့်ပျက်ခြစားမှုတို့က ထူပြောနေပြီး အစိုးရအရာရှိများသည် မကြာခဏဆိုသလို အသေးစား တံစိုးလက်ဆောင်များနှင့် လာဘ်ထိုးမှုများကို လက်ခံရယူကြကြောင်း စွပ်စွဲခံရသည် ဆိုသော်လည်း ယခုတကြိမ်ကဲ့သို့ များပြားလွန်းသည့် အတိုင်းအတာပမာဏမျိုးက ကြုံတောင့်ကြုံခဲဖြစ်သည်။
မြို့တော် ဘန်ကောက်အနီး ဆမွတ် ပရာကန်ရှိ ဘဏ္ဍာအခွန်ဌာန၌ အလုပ်လုပ်နေသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားတဦးတို့ ဖွင့်လှစ်ထားရှိသည့် ဘဏ်အကောင့်များတွင် ဒေါ်လာ ၅၇ သန်းကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က ယခုအမှုကို ရှေ့နေချုပ်ရုံးသို့ လွှဲပြောင်းပေးခဲ့ပြီး အကျင့်ပျက်ခြစားမှုဆိုင်ရာ ရာဇဝတ်တရားရုံးက စုံစမ်းစစ်ဆေးပေးရန် ပန်ကြားခဲ့သည်။
ထို လေးဦးသည် “ထူးခြားစွာ ကြွယ်ဝလာ” ခဲ့ကြောင်း NACC ၏ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဆွန်ချိုင်း ချူဝီချိုင်က ပြောသည်။
ဘဏ်အပ်နှံငွေများ အပါအဝင် ၎င်းတို့၏ ပိုင်ဆိုင်မှုအာမခံများက ၎င်းတို့၏ အစိုးရလစာဝင်ငွေများနှင့် ကိုက်ညီခြင်း မရှိကြောင်း ဆွန်ချိုင်းက တနင်္လာနေ့က NACC ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။
ထိုငွေကြေးများကို ၎င်းတို့ မည်သည့်နေရာမှ ရသလဲ ဆိုသည်ကို မည်သူကမှ ရှင်းမပြနိုင်ကြောင်း ဆွန်ချိုင်းက ပြောသည်။
ဒါနိုင် ဒမ်ရောင်ချိုင်ယိုသင်း အမည်ရှိ အမျိုးသားသည် ဘဏ်ငွေစာရင်း ခုနစ်ခု၌ ဘတ် ၁ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၃၁ သန်း) ရှိနေပြီး အမျိုးသမီးများအနက် တဦးသည် ဘဏ်အကောင့် ငါးခု၌ ဘတ် သန်း ၅၀၀ ကျော် (ဒေါ်လာ ၁၄ သန်း) ရှိနေကြောင်း သိရသည်။
ဘဏ္ဍာအခွန်အရာရှိတဦးအတွက် ကနဦး စတင်ရရှိသည့် လစာနှုန်းသည် တလလျင် ဒေါ်လာ ၄၅၀ အောက်သာ ရှိကြောင်း သိရသည်။
လေးဦးစလုံးကို ၎င်းတို့၏ အစိုးရအလုပ်နေရာများမှ ထုတ်ပယ်ထားကြောင်း NACC ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့ကို တရားစွဲဆိုထားသလား သို့မဟုတ် ဖမ်းဆီးထားသလားဆိုသည်ကို အသေးစိတ် ဖော်ပြခြင်း မရှိပေ။