အိန္ဒိယအသင်း ခရစ်ကတ်ကမ္ဘာ့ဖလား ရှုံးနိမ့်မှုအပေါ်  အောင်ပွဲခံခဲ့တဲ့ ကက်ရှ်မီးယားကျောင်းသား ၇ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့ ဖမ်းဆီး

By AFP
29 November 2023
အိန္ဒိယအသင်း ခရစ်ကတ်ကမ္ဘာ့ဖလား ရှုံးနိမ့်မှုအပေါ်  အောင်ပွဲခံခဲ့တဲ့ ကက်ရှ်မီးယားကျောင်းသား ၇ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့ ဖမ်းဆီး

ဩစတြေးလျနဲ့ ကမ္ဘာ့ဖလားခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိန္ဒိယအသင်းရှုံးနိမ့်မှုအပေါ် အောင်ပွဲခံခဲ့တဲ့ တက္ကသိုလ် ကျောင်းသား ခုနစ်ဦးကို ကက်ရှ်မီးယားရှိ အိန္ဒိယရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ပွဲအပြီးမှာ "အိန္ဒိယဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ပြိုင်ဖက်တွေကို ခြိမ်းခြောက်စိန်ခေါ်ခဲ့မှုတွေ ပြုလုပ်မှုအတွက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲက နိုဝင်ဘာ ၂၈ ရက် အင်္ဂါနေ့က ပြောပါတယ်။

အိမ်ရှင်အိန္ဒိယဟာ နိုဝင်ဘာ ၁၉ ရက် ဗိုလ်လုပွဲမှာ ခရစ်ကတ်သရဖူကိုရယူဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမဲ့ ဩစတြေးလျကို ခြောက်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ကျောင်းသားခုနစ်ဦးကို ပြင်းထန်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအပြင် ရာဇသတ်ကြီးပုဒ်မများဖြင့် တရားမဝင် လှုပ်ရှားမှုများ တားဆီးကာကွယ်ရေးဥပဒေ (UAPA) ဖြင့် တရားစွဲဆိုထားပါတယ်။

ကက်ရ်ှမီးယားရှိ လူအများအပြားဟာ ပြိုင်ဖက် ပါကစ္စတန်အပါအဝင် အိန္ဒိယအသင်းနဲ့ ကစားတဲ့ ဘယ် ခရစ်ကတ်အသင်းကိုမဆို ထောက်ခံအားပေးကြပြီး သြစတြေးလျရဲ့ အောင်ပွဲကို ဂုဏ်ပြုဖို့အတွက် အဓိကမြို့ Srinagar မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ကြပါတယ်။

ကက်ရှ်မီးယားဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အိန္ဒိယနဲ့ပါကစ္စတန်ကြား ကွဲထွက်သွားပြီး နှစ်ဖက်စလုံးက ကုန်းမြင့်ပိုင်နက်ကို အပြည့်အဝပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အစိတ်အပိုင်းတွေကို သီးခြားစီခွဲဝေအုပ်ချုပ်ခဲ့ ပါတယ်။

အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှ်မီးယားမှာ ၁၉၈၉ ခုနှစ်ကတည်း သူပုန်ထခဲ့ပြီး ပါကစ္စတန်နဲ့ပေါင်းစည်းရေးကို တောင်းဆိုခဲ့ကြပရာ ပဋိပက္ခများအတွင်း အရပ်သားနဲ့စစ်သား ထောင်နဲ့ချီသေဆုံးခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ ကက်ရ်ှမီးယားဒေသခံ၊ ဂျာနယ်လစ်တွေနဲ့ အတိုက်အခံတွေကို တိုက်ခိုက်ရာမှာ ပြဋ္ဌာန်းချက်အချို့ မရှင်းမလင်းလုပ်ထားတဲ့ UAPA ဥပဒေကို အိန္ဒိယက အသုံးပြုခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေထံမှ သိရပါတယ်။

UAPA ဥပဒေဟာ လူအများကို စွဲချက်မတင်ဘဲ ခြောက်လကြာ ချုပ်နှောင်ထားခွင့်ပြုထားပြီး အာမခံဟာ မဖြစ်နိုင်သလောက်ပင် ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly