နမ့်ခမ်းမြို့ စကခ (၇) တပ်စခန်း မကျဆုံး‌အောင် စစ်ကောင်စီတပ် အပြင်းအထန် ခုခံနေရ

By 009 (မဇ္ဈိမ)
27 November 2023
နမ့်ခမ်းမြို့ စကခ (၇) တပ်စခန်း မကျဆုံး‌အောင် စစ်ကောင်စီတပ် အပြင်းအထန် ခုခံနေရ
ဓာတ်ပုံ- နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသည့် TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စကခ (၇) (စခန်းသစ်) တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA)က အပြင်းအထန် စီးနင်းတိုက်ခိုက်နေပြီး တပ်စခန်းမကျဆုံးအောင် စစ်တပ်က အပြင်းအထန် ခုခံနေရသည်။ 

နိုဝင်ဘာလ ၆ ရက်နေ့မှာ နမ့်ခမ်းမြို့ကို ထိန်းချုပ်နိုင်ခဲ့သည့် TNLA သည် စစ်ကောင်စီတပ်၏ နောက်ဆုံးခံစစ် တပ်စခန်းဖြစ်သည့် မြို့နှင့် တမိုင်ခန့်အကွာက စစ်ကွပ်ကဲရေးဌာနချုပ် စကခ (၇) အထိုင်ချထားသည့် (စခန်းသစ်) တပ်စခန်းကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စတင် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲသည် နေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်က စတင်၍ TNLA ဘက်က အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

“မနေ့ တိုက်ပွဲက အပြင်းထန်ဆုံးပဲ၊ တနေကုန်နီးပါးကို စစ်တပ်က လေကြောင်းသုံးနေရတာ၊ ဂျက်ဖိုက်တာတွေက တစီးဗုံးလာကြဲလို့ မပြီးသေးဘူး၊ တစီးက ရောက်လာပြန်ရော၊ ထောက်ပို့လေယာဉ်ကလည်း ပစ္စည်းတွေ ပစ်ချလိုက် ဗုံးတွေကြဲလိုက်နဲ့ပဲ “ ဟု နမ့်ခမ်းမြို့ခံ အမျိုသမီးတဦး မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီဘက်က တိုက်ခိုက်ရေး၊ ကင်းထောက်နှင့် ထောက်ပို့လေယာဉ်များကို အသုံးပြုပြီး ရိက္ခာချခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့က တနေကုန်နီးပါး ပြုလုပ်ခဲ့ပြီး ဗုံးအရည်အတွက် ၂၀၀ နီးပါးအထိ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

အင်အား ၂၀၀ ခန့်ဖြင့် နမ့်ခမ်းမြို့နယ်ကို ကွပ်ကဲနေရသည့် စကခ (၇) အထိုင်တပ်စခန်း (စခန်းသစ်)သည် ဂျပန်ကိုလိုနီခေတ်က ဂျပန်စစ်တပ်များ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လျှို့ဝှက်ဥမင်လိုဏ်ခေါင်းမြောက်များစွာနှင့် ရဟတ်ယာဉ်ကွင်း၊ အခိုင်အမာ ဆက်သွယ်ရေးတူးမြောင်းအဆင့်ဆင့်နှင့် သင်္ချိုင်းများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထိုစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့် ပထမနေ့မှာ (စခန်းသစ်) တပ်စခန်း၏ လုံခြုံရေးတပ်ကုန်းစခန်းကို TNLA ဘက်က သိမ်းယူနိုင်ခဲ့ကြောင်း သိမ်းဆည်းရမိသည့် လက်နက်များနှင့်အတူ ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအတွင်း နမ့်ခမ်းမြို့ပေါ်နှင့် အနီးအနားက ကျေးရွာများကို စစ်ကောင်စီစစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့ရသကဲ့သို့  နေအိမ် ၁၀ လုံးထပ်မနည်းလည်း ထိမှန်ပျက်စီးခဲ့သည်။

လက်ရှိ နမ့်ခမ်းမြို့ပေါ်မှာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လူအသွားအလာ နည်းပါးနေပြီး TNLA ဘက်ကလည်း မြို့အဝင်၊ အထွက်ကို စစ်ဆေးမှုတင်းကြပ်နေသည်။

အလားတူ လားရှိုး-မူဆယ်လမ်းပိုင်းအတွက် မန်တုံ-နမ့်ခမ်းမြို့ကို ဖြတ်သန်းရပြီး မန်တုံနှင့် နမ့်ခမ်းကြား မိုင်းဝီးဒေသထဲမှာ စစ်ကောင်စီတပ်၏ လူအင်အား၊ ထောက်ပို့ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် မိုင်းဝီးဒေသက ဝင်ရောက်မည့် နမ့်ခမ်းမြို့အဝင်လမ်းကိုလည်း TNLAဘက်က ပိတ်ဆို့ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းကလည်း နမ့်ခမ်းမြို့ရှေ့ဘက် မန်အောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံသစ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly