ရန်ကုန် လျှပ်စစ်ရုံး၂ရုံးမှ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဖောက်ခွဲတိုက်ခိုက်

By ဂန္ဒမာ(မဇ္ဈိမ)
24 November 2023
ရန်ကုန် လျှပ်စစ်ရုံး၂ရုံးမှ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဖောက်ခွဲတိုက်ခိုက်
ပုံအညွှန်း - တောင်ဥက္ကလာပ လျှပ်စစ်မီတာရုံး(ပုံဟောင်း)နှင့် မြောက်ဥက္ကလာပ လျှပ်စစ်မီတာရုံး တည်နေရာအား မြင်တွေ့ရစဉ် (Google Map)

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ လျှပ်စစ်မီတာရုံးစောင့် စစ်သားများအား ပြင်းအားမြင့် မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ လျှပ်စစ်မီတာရုံးကို နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီ ၅၅ မိနစ်တွင် မိုင်း နှစ်လုံး၊မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးနားရှိ လျှပ်စစ်မီတာရုံးကို ယနေ့ နိုဝင်ဘာ ၂၄ ရက် နံနက် ၆ နာရီ ၂၀ မိနစ်တွင်မိုင်းတလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု အနောက်ပိုင်းခရိုင်ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ ပေါက်ခွဲအားပြင်းထန်သည့် မိုင်းများ အသုံးပြုခဲ့သည်ဟုဆိုသည်။

ပုံအညွှန်း - တောင်ဥက္ကလာပ လျှပ်စစ်မီတာရုံး(ပုံဟောင်း)နှင့် မြောက်ဥက္ကလာပ လျှပ်စစ်မီတာရုံး တည်နေရာအား မြင်တွေ့ရစဉ် (Google Map)

“တောင်ဥက္ကလာပမစ်ရှင်က တောင်ဥက္ကလာပြည်သူတွေတိုင်ကြားချက်ကြောင့် တိုက်ခိုက်တာပါ။ အဲ့ မီတာရုံး(EPC)က ကောင်တွေက ပြည်သူတွေအပေါ် မတရား အနိုင်ကျင့်တယ်လို့ တိုင်ကြားတာများလာလို့ပါ။ တောင်ဥက္ကလာပက အနည်းဆုံး စစ်သား နှစ်ယောက်ထိနိုင်တယ်။ ဒီမနက်မြောက်ဥက္ကလာမစ်ရှင်ကတော့ ထိခိုက်မှုရှိမရှိမသိဘူး” ဟု အနောက်ပိုင်းခရိုင်ပကဖ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုများနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။ ပေါက်ကွဲသံသုံးကြိမ်စလုံးကို ကျယ်လောင်စွာကြားရသည်ဟု မြို့ခံအချို့ကပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုအား အနောက်ပိုင်းခရိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုဖြစ်သည့် Yangon Army တို့က ပူးပေါင်းဖော်ဆောင်ခြင်းဟု သိရသည်။နိုဝင်ဘာ ၁၀​ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းမှတ်တိုင်အနီးရှိ စစ်ကောင်စီသတင်းပေးဆိုသူ၏ နေအိမ်ကို အနောက်ပိုင်းခရိုင်ပကဖ၊ Yangon Army ၊ Dark Shadow/ Urban Worrior တို့ ပူးပေါင်း၍ မိုင်းဖောက်ခွဲတိုက်ခိုက်သတိပေးခဲ့ကြောင်းသိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required