လေကြောင်းထိုးစစ်များအတွင်း အိုင်အက်စ်တို့ ဘဏ္ဍာငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုး ဖျက်ဆီးပစ်နိုင်

လေကြောင်းထိုးစစ်များအတွင်း အိုင်အက်စ်တို့ ဘဏ္ဍာငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုး ဖျက်ဆီးပစ်နိုင်

နယူးယောက်၊ ဧပြီ ၂၇ ။            ။ လေကြောင်းထိုးစစ်များကြောင့် အိုင်အက်စ်တို့၏ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ဆုံးရှုံးကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘဂ္ဂဒက်အခြေစိုက် ဗိုလ်မှူးချုပ် ပီတာဂါစတန်က အမေရိကန်သည် အိုင်အက်စ်တို့၏ ရန်ပုံငွေနေရာများကို ပစ်မှတ်ထားကာ ထပ်တလဲလဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

အိုင်အက်စ်တို့အတွက် ငွေဝင်ပေါက်များ ပိတ်သွားခြင်းက ၉၀ ရာခိုင်နှုန်းရှိပြီး ငွေကြေးထောက်ပံ့မှုအသစ် ရရှိခြင်းလည်း ကျဆင်းသွားကြောင်း ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အိုင်အက်စ်အဖွဲ့သည် ငွေကြေးအတောင့်တင်းဆုံးအစွန်းရောက်အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ပြောခဲ့သည်။

အိုင်အက်စ်တို့၏ ငွေကြေးထားသိုရာနေရာများကို ပစ်မှတ်ထားကာ အမေရိကန်က လေကြောင်းထိုးစစ် အကြိမ် ၂၀ ခန့် ဆင်နွှဲခဲ့ကြောင်း အိုင်အက်စ်နှိမ်နှင်းရေး အမေရိကန်ဦးဆောင်သောထိုးစစ်များအတွက် စစ်ဆင်ရေးနှင့် ထောက်လှမ်းရေးလက်ထောက်တပ်မမှူးဖြစ်သည့် ဗိုလ်မှူးချုပ် ပီတာဂါစတန်က ပြောသည်။

အမေရိကန်အနေဖြင့် အိုင်အက်စ်တို့၏ ငွေကြေးဆုံးရှုံးမှု ပမာဏကို မည်သို့ သိရှိကြောင်းကိုမူ ၎င်းက ရှင်းလင်းခြင်းမရှိပေ။

တစ်ခုသော ဖြစ်စဉ်တွင် အီရတ်နိုင်ငံ မိုဆူးမြို့ရှိ အိမ်တစ်အိမ်မှ ခန့်မှန်းဒေါ်လာ သန်း ၁၅၀ ခန့်ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

အိုင်အက်စ်ကိုတိုက်ခိုက်နေသည့် တပ်ဖွဲ့များက အိုင်အက်စ်တို့ ငွေထားရှိရာ ယင်းအိမ်ကို ထောက်လှမ်းသိရှိပြီးနောက် လေကြောင်းမှ ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly