လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကျရောက်မည့် (၈) ကြိမ်မြောက် အင်းအသားအမျိုးသားနေ့ကို အကျဥ်းချုံး ကျင်းပရန် အင်းလေးလူထုအရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်တွင် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( IPDF) ၊ အင်းလေး ဖက်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှု(IFDM) ၊ အင်းလေး အမျိုးသမီးသမဂ္ဂ ( IWU ) နှင့် မြို့နယ်ရပ်မိရပ်ဖ တို့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ အကျပ်အတည်းရောက်နေချိန်တွင် အမျိုးသားနေ့အကြောင်းပြကာ ပျော်ပွဲ၊ ရွှင်ပွဲပြုလုပ်ပြီး မြူးတူးပျော်ပါးနေမည့် လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာ ကိုညှိုးနွမ်းစေနိုင်သည့်အတွက် အကျဉ်းချုံးသာကျင်းပရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
ထို့ပြင် ယခုကာလသည် စစ်အာဏာရှင်တိုက်ဖျက်ရေး ရေချိန်မြင့်တက်နေသည့်အတွက် တိုင်းပြည်နှင့် လူမျိုး အခြေအနေ အရပ်ရပ်ကို ထည့်တွက်ချင့်ချိန် လုပ်ဆောင်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“အင်းအမျိုးသားနေ့ကို ပျော်ပွဲ ရွှင်ပွဲတွေ ထည့်သွင်းပြီးတော့ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ နိုင်ငံရေး အမြတ်ထုတ်ဖို့ ဆောင်ရွက်နေတာကို ပြင်းထန်စွာ ကန့်ကွက်တယ်”ဟု အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)က ဆိုသည်။ ။
အင်းသား အမျိုးသားနေ့ကို စစ်ကောင်စီထံ မှတ်ပုံတင် ထားသည့် အင်းအမျိုးသား အဖွဲချုပ်ပါတီနှင့် စစ်ကောင်စီ လက်အောက်ခံ အင်းအဖွဲအစည်းများ ဦးဆောင်ပြီး ညောင်ရွှေမြို့နယ်၊ ကျောက်တိုင်ကွင်းနဲ့ စံကားဒေသတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက် အထိ ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်သည် ။
ထို့ပြင် အမျိုးသားနေ့အကြောင်းပြကာ ငွေကြေးကောက်ခံမှုများရှိပြီး ထိုငွေကြေးများကို ပျော်ပွဲ၊ ရွှင်ပွဲများတွင် မသုံးဘဲ အင်းလေးကန်ရေရှည်တည်တံ့ရေးလုပ်ငန်းများ၊ အိုးအိမ်မဲ့ဖြစ်သွားရသည့် ပြည်သူများကို ကူညီပံ့ပိုးရာတွင် အသုံးပြုသင့်ကြောင်း တိုက်တွန်းထားသည်။
ပြည်သူလူထု အလိုနှင့် ဆန့်ကျင်ပြီး အမျိုးသားနေ့ကို နိုင်ငံရေး အမြတ်ထုတ်ကာ ဦးဆောင်ကျင်းပသူများကို မှတ်သားထားပြီး နောင်တချိန်တွင် ထိရောက်စွာ အရေးယူမည်ဟုလည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#အမျိုးသမီး
#အင်းအမျိုးသားနေ့