ရန်ကုန်၊ ဧပြီ ၂၅။ ။ မန္တလေးမြို့ရှိရတနာမောလ်၌ မေ၇ ရက်နေ့နှင့် ၈ရက်နေ့တွင် နံနက်၉နာရီမှ ညနေ၄နာရီထိ နှစ်ရက်တိုင်တိုင် အလုပ်အကိုင်ပြပွဲကိုကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်အကိုင်ပြပွဲတွင် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက အလုပ်ရှင်များနှင့် တိုက်ရိုက်အင်တာဗျူးခေါ်ယူမည့် အစီအစဉ်ပါရှိသောကြောင့် ပြပွဲသို့ လာရောက်မည့်သူများအနေဖြင့် အလုပ်လျှောက်လွှာများ ယူဆောင်လာရန် လိုအပ်ကြောင်း work.com.mm မှ Marketing Officer ကိုရန်ပိုင်က ပြောသည်။
“ပြပွဲကို လာရောက်သူများအနေနဲ့ အလုပ်လျှောက်လွှာများကို ယူဆောင်လာရန်လိုအပ်ပြီး သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီသူများကို လုပ်ငန်းရှင်များဘက်မှ တိုက်ရိုက်အင်တာဗျူး ခေါ်ယူသွားမည့် အခွင့်အရေးကိုပါ ရရှိနိုင်ရန ်စီစဉ်ပေးသွားမှာဖြစ်ပါတယ်” ဟု ကိုရန်ပိုင်က ပြောသည်။
ယင်းပြပွဲကြီးတွင် တယ်လီနောမြန်မာမှ (Diamond Sponsor) အဓိကကူညီ ပံ့ပိုးပေးမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၄ ခုမှဝန်ထမ်းများ ခေါ်ယူရန်အတွက် ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်း အလုပ်အကိုင်ပြပွဲကြီးသို့ လာရောက်ရန်အတွက် work.com.mm ၏ဝက်ဘ်ဆိုဒ်နှင့် Facebook တို့တွင် ကြိုတင်စာရင်း ပေးသွင်းနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်မတို့ မန္တလေးမှာက အလုပ်အကိုင်ပြပွဲတွေ လုပ်တော့လုပ်တယ် ရှားတယ်။ ဒီဘက်မှာက အလုပ်ရှာဖွေရေး အေဂျင်စီတွေကိုပဲ အားကိုးချိတ်ဆက်ရတာများတယ်။ အခုလိုလုပ်ငန်းအများကြီးက လာခေါ်မှာဆိုရင်တော့ အခွင့်အရေးလည်းများသွားမယ်၊ များမယ်လို့တော့ထင်ပါတယ်” ဟုမန္တလေးမြို့ခံတဦးဖြစ်သူ မနှင်းဝေကပြောသည်။