တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ တရုတ်နိုင်ငံသားများ ခရီးသွားလာခြင်း မပြုကြရန် တရုတ်အစိုးရက နိုဝင်ဘာ ၉ ရက်တွင် တားမြစ်သည်။
ဒေသ၏ နယ်မြေတချို့တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လက်ရှိတွင် မြန်မာမြောက်ပိုင်းသို့ ခရီးမသွားကြရန် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း ပေကျင်းအခြေစိုက် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဖော်ပြသည်။
“ပဋိပက္ခ ဧရိယာမှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အခြေအနေအပေါ် အနီးကပ် အာရုံစိုက်သတိပြုသင့်ပြီး ဘေးကင်းလုံခြုံမှုအတွက် တတ်နိုင်သမျှ ဘေးကင်းရာနေရာတခုကို ရွှေ့ပြောင်းတာ ဒါမှမဟုတ် အိမ်ပြန်တာမျိုး လုပ်သင့်ပါတယ်” ဟု ယင်းက ပြောသည်။
ပြီးခဲ့သည့် ရက်များအတွင်း တရုတ်နှင့် နယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့်နေခဲ့သည်။
စစ်ကောင်စီတပ်စခန်း အများအပြားနှင့် မြို့လေးမြို့ကို ထိန်းချုပ်ထားကြောင်းနှင့် တရုတ်သို့ ဦးတည်ရာ အရေးပါသည် ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပြောသည်။
ရှမ်းပြည်နယ်ရှိ ပြင်းထန်တိုက်ပွဲများအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂကလည်း ပြောဆိုထားကာ အရပ်သား သေကျေ၊ ထိခိုက်မှုများကို ဖြစ်စေခဲ့သည့် လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှု သတင်းများနှင့် လူသောင်းချီ ပြည်တွင်း၌ နေရပ်စွန့်ခွာကြရပြီး လူရာချီ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရသည့် သတင်းများကိုလည်း ကိုးကားပြောဆိုသည်။