YT(မဇ္ဈိမ)
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတပါး ဒဏ်ရာရပြီး ပျံလွန်တော်မူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို၏ ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်ညက ကျောက်ကြီးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအပြီးတွင် ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)မှ ကျေးရွာများအတွင်းသို့ ၁၂၀ မမ အမျိုးအစား လက်နက်ကြီး ၁၂ လုံးပစ်ခတ်ခဲ့ကြောင်း၊ခင်ကန့်လန့်ကျေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါရွာမှ သက်တော် ၇၀ နှစ်အရွယ် ဆရာတော်ဥူးသောမသည် ဒဏ်ရာအပြင်းအထန်ရကာ ပျံလွန်တော်မူခဲ့ကြောင်းKNU က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားတိုင်း အရပ်သားရှိရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၄၃၉)မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ ဝက်တူးကျေးရွာမှ သံဃာတပါး ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၆ ရက်နေ့နံနက်ကလည်း စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ကျောက်ကြီးမြို့နယ်၊တလိုင်းခင်ကျေးရွာမှ ရွာသားစောပယော်ဖိုး၏ ကျောက်သယ်ကားတစီး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ဆိုသည်။ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေတွင်ပါဝင်သည်။
စစ်ကောင်စီတပ်၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနှင့် စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူပေးရန် နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
စာတည်း - အေးချမ်း