စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ လက်တောင်းငယ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီ အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရပါသည်။
အိမ်ခြေ ၆၀ ခန့်ရှိသည့် လက်တောင်းငယ်ကျေးရွာကို မီးရှို့သွားသောကြောင့် အိမ် ၁၀လုံးခန့်သာ ကျန်ရှိတော့ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။
“ အိမ်ခြေအရေအတွက် အလုံး ၅၀ လောက် မီးလောင်ပြာကျသွားတယ်။ ရွာကြီးက ရွာပျက်ကြီးလို မျိုး ဖြစ်သွားတော့တာ ဖြစ်တယ်” ဟု ပြောသည်။
ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ယင်းမာပင်မြို့၊ ကုက္ကိုစုလမ်းခွဲအနီးတွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားငါး ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီစစ်ကြောင်း အထိနာသွားသောကြောင့် ယခုကဲ့သို မီးရှို့ခြင်းဟု ဒေသခံများကပြောသည်။
“မနေ့က မိုင်းဆွဲခံရပြီး စစ်သားတွေ သေတယ်လို့ကြားတယ်။ သူတို့ဘက် အထိနာ သွားလို့ သက်သက် ရွာကို မီးရှို့ကြတာ ဖြစ်တယ်” ဟု ဒေသခံတဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာသို့ ရောက်ရှိနေပြီး လက်တောင်းကြီး၊ လက်တောင်းငယ် ၊ ကုက္ကိုစု ၊ လည်ငေါက် စသည့်ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ကျော် စစ်ရှောင်နေရကြောင်း သိရပါသည်။
လက်တောင်းငယ်ရွာ မီးလောင်နေစဉ်-Credit - CJ
စာတည်း - အေးချမ်း