"ပါတီတွင်း ဒီမိုကရေစီကို ရိုက်ချိုးလိုက်တာ။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို စက္ကူစုတ်ဖြစ်အောင် လုပ်လိုက်တာ" (ဦးဇော်မြင့်ဖေနှင့် အင်တာဗျူး)

"ပါတီတွင်း ဒီမိုကရေစီကို ရိုက်ချိုးလိုက်တာ။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို စက္ကူစုတ်ဖြစ်အောင် လုပ်လိုက်တာ" (ဦးဇော်မြင့်ဖေနှင့် အင်တာဗျူး)
ရန်ကုန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅မဲဆွယ်စည်းရုံးမှုတစ်ခု(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/ မဇ္ဈိမ) 
 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို သမ္မတဟောင်း ဦးသိန်းစိန် ပြန်လည်ကိုင်တွယ်အပြီး ရက်ပိုင်းအတွင်း လူသိများသည့် ပြည်ခိုင်ဖြိုးခေါင်းဆောင် ၁၇ ဦးကို ပါတီမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။ ထုတ်ပယ်ခံရသူများအား "အနားပေးလိုက်သည်" ဟူသည့် အကြောင်းကြားစာများကို ပါတီက ပေးပို့နေပြီလည်း ဖြစ်သည်။ အဆိုပါ လုပ်ရန်သည် ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့မညီဘဲ လူတစ်စု၏ အတ္တအကျိုးစီးပွားအပေါ်အခြေခံသည့် ဖြစ်ရပ်ဟု ထုတ်ပယ်ခံရသူများအထဲတွင်ပါဝင်သည့် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇော်မြင့်ဖေကို မဇ္ဈိမသတင်းဌာန၏ အကြီးတန်းသတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့ ထုတ်ပယ်လိုက်တဲ့ ၁၇ဦးထဲမှာ အန်ကယ်လ်လည်းပါတယ်လို့ သတင်းကြားလို့ပါ။ အကြောင်းကြားလာပြီလား ခင်ဗျ။
ဖြေ။ ။ တစ်ဦးတစ်ယောက်ချင်းစီကို သီးသန့်ပို့တဲ့အကြောင်းကြားစာ ကျွန်တော့ဆီကို ဒီကနေ့(ဧပြီလ ၂၄ရက်)မနက် ရောက်ပါတယ်။ ရောက်တဲ့အခါကျတော့ သူ့အစည်းအဝေး ဘယ်လောက်၊ ဘယ်လောက်ရဲ့ ဆုံးဖြတ်ချက်အရ ဦးဇော်မြင့်ဖေအား ပါတီဝင်အဖြစ်မှ အနားပေးလိုက်သည်ဆိုတာ ပါပါတယ်။ ဘာအကြောင်းပြချက်မှ မပါပါဘူး။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်ကယ်လ်အနေနဲ့ ဘာများ မှတ်ချက်ပေးချင်ပါသလဲ ခင်ဗျ။
ဖြေ။ ။ မှတ်ချက်ကတော့ ဒါက ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ စည်းကမ်းဆိုတာရှိတယ်လေ။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ဆောင်ရွက်တဲ့ကိစ္စမဟုတ်ဘူး။ ချမှတ်ထားတာက ပါတီဝင်တစ်ယောက်ကို ဘယ်လိုအရေးယူရတယ်၊ ဘယ်လို စစ်ဆေးရတယ်ဆိုတာ စည်းကမ်းထဲမှာ ပါပြီးသားလေ။ အဲ့ဒီအတိုင်းလည်း အရေးမယူဘူး။ ခုခံပိုင်ခွင့်လည်း မရှိဘူး။ အဲ့ဒီလို အခြေအနေမျိုးလေးတွေ ဖြစ်တယ်လေ။ နောက်တစ်ခါ ဩဂုတ်လ ၁၂ရက်နေ့ညက ပါတီဌာနချုပ်ကို သိမ်းပိုက်ပြီးတော့ ပြန်လည်ဖွဲ့စည်းလိုက်တယ်ဆိုတာကလည်း CECကို အဲ့ဒီလို ဖွဲ့လို့မရဘူးလေ။ ဒါ အရေးပေါ်အခြေအနေလည်းမဟုတ်ဘူး။ ပါတီ CECက ဗဟိုကော်မတီနဲ့ဖွဲ့တာ၊ ပါတီညီလာခံက ဖွဲ့တာလေ။ အသိအမှတ်ပြုရတာလေ။ အဲ့ဒါတွေ ဘာမှမခေါ်ဘဲနဲ့ သူတို့လုပ်ချင်ရာ လုပ်သွားတာ။ အဲ့ဒီအဖွဲ့ကလည်း တရားမဝင်တဲ့ အဖွဲ့ပဲ။ သူတို့ဆောင်ရွက်ချက်ဟာလည်း တရားမဝင်တဲ့ ဆောင်ရွက်ချက်လို့ပဲ အန်အယ်လ်ကတော့ ခံစားတယ်။ လုပ်ချင်လို့ ခံစားရတာမဟုတ်ဘူးနော်။ လုပ်ပုံ၊ လုပ်နည်းမမှန်ဘူးလို့ ပြောတာ။ လုပ်ပုံ၊ လုပ်နည်းဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဖောက်ဖျက်ပြီးတော့လုပ်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်။ လူတစ်စုရဲ့ ဆောင်ရွက်ချက်ဖြစ်တယ်။ ပါတီဝင်ထုရဲ့ သဘောထားကို ရောင်ပြန်ဟပ်သော အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်မဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။

မေး။ ။ ဒီမိုကရေစီနည်းလမ်းတကျလုပ်တာမဟုတ်ဘူးလို့ အန်ကယ်လ် ဆိုလိုချင်တာပေါ့။
ဖြေ။ ။ မဟုတ်ဘူး။ ပါတီတွင်း ဒီမိုကရေစီကို ရိုက်ချိုးလိုက်တာ။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို စက္ကူစုတ်ဖြစ်အောင် လုပ်လိုက်တာ။

မေး။ ။ ဒီလိုအကွဲအပြဲတွေက ဘာကြောင့် ဖြစ်လာတာလို့ အန်ကယ်ထင်ပါသလဲ။
ဖြေ။ ။ ရိုးရိုးပြောမယ်ဆိုရင်တော့ ပေါ်လစီလည်းမဟုတ်ဘူး။ အတ္တကြီးတဲ့သူတွေရဲ့ အတ္တအကျိုးစီးပွားအပေါ်မှာ အခြေခံပြီးဖြစ်တာပဲ။ ခေါင်းဆောင်တွေရဲ့ အတ္တ၊ အကျိုးစီးပွားအပေါ်မှာ အခြေခံတာပဲ။ လွှတ်တော်နဲ့ အစိုးရအဖွဲ့နဲ့ ပွတ်တိုက်မှုဖြစ်တယ်။ ပွတ်တိုက်မှုက ပြင်းထန်တဲ့အခါ ပြင်းထန်တယ်။ အဲ့လိုဖြစ်တဲ့အခါကျတော့ အဲ့ဒီတုန်းက သမ္မတကြီးလုပ်နေတဲ့ ဦးသိန်းစိန်ကလည်း ပါတီကို လှည့်မကြည့်တော့ဘူး။ ဒီလိုဖြစ်လာပြီးတော့ အခုလိုလုပ်တယ်ဆိုတာကတော့ ပုဂ္ဂိုလ်ရေးဆန်လွန်းတယ်လေ။ ဘယ်ပုဂ္ဂိုလ်အတွက် လုပ်နေတာလဲ။ ဘယ်သူ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာလဲ။ ပါတီဝင်အများစုအတွက် လုပ်တာမဟုတ်တာတော့ သေချာတယ်။ အမိန့်ပေး၊ အမိန့်နာခံနဲ့ လုပ်လို့လည်း ပါတီကြီးကရွေးကောက်ပွဲမှာ ခွက်ခွက်လှန်အောင် ရှုံးခဲ့ပြီးပြီလေ။ ပါတီနည်းလမ်းမဟုတ်ဘဲနဲ့ လုပ်ချင်တဲ့သူလုပ်၊ ဖြုတ်ချင်တဲ့သူဖြုတ် ဒီလိုလုပ်တာတော့ အန်ကယ်လ်တို့က ရိုးရိုးသားသားပြောရရင် လက်မခံဘူး။ ပါတီရဲ့ ရှေ့ရေးအတွက် မကောင်းဘူးလေ။

မေး။ ။ အခုထုတ်ပယ်တဲ့ ၁၇ယောက်ထဲမှာ အန်ကယ်လ်အပါအဝင် ဘယ်သူတွေပါတယ်လို့ သိထားသေးလဲ။
ဖြေ။ ။ တယ်လီဖုန်းတွေ ဝင်သလောက်တော့ ဗိုလ်ချုပ်(ငြိမ်း) သိန်းဇော်လည်းပါတယ်တဲ့။ ဗိုလ်ချုပ်သိန်းဆွေပါတယ်။ သူရဦးအောင်ကို ပါတယ်။ ဗိုလ်ချုပ်(ငြိမ်း) မောင်မောင်သိမ်းပါတယ်။ နောက် လွှတ်တော်ကော်မရှင်ထဲမှာပါတဲ့သူတွေ အကုန်ပါတယ်။ တော်တော်များများကတော့ ဗဟိုကော်မတီဝင်တွေပေါ့။

မေး။ ။ အခုလို ပါတီက ထုတ်ပယ်လိုက်တယ်ဆိုတော့ အန်ကယ်လ်က ရှေ့ဆက်ပြီး ဘာဆက်လုပ်ဖို့ ရှိမလဲ။ ပါတီနိုင်ငံရေး ဆက်လုပ်မှာလား။
ဖြေ။ ။ ကိုယ်ကတော့ ပြည်ခိုင်ဖြိုးစိတ်ဓာတ်ဟာ လက်ဟောင်းအတိုင်းပဲ ရှိနေမယ်။ ပါတီထဲမနေရဘူးဆိုတော့လည်း အပြင်မှာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် နေမယ်။ နေရာနဲ့ ရာထူးက အဓိကမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်ဖို့က အဓိကပါ။ အသက်တွေလည်း ကြီးပါပြီ။ လုပ်ပေးနိုင်ခွင့်ရှိတဲ့သူတွေနဲ့ ပူးပေါင်းမယ်။ သူများပါတီထဲကိုဝင်ဖို့၊ ဟိုပါတီထောင်ဖို့၊ ဒီပါတီထောင်ဖို့ ဆိုတာတော့ လောလောဆယ်အခြေအနေမှာ လုံးဝမရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required