အမေရိကန်တွင် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း နှစ်သုံးဆယ်အတွင်း အမြင့်ဆုံးရောက်ရှိ

အမေရိကန်တွင် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း နှစ်သုံးဆယ်အတွင်း အမြင့်ဆုံးရောက်ရှိ

နယူးယောက်၊ ဧပြီ ၂၃ ။             ။ အမေရိကန်နိုင်ငံတွင် မိမိကိုယ်ကို သတ်သေမှုနှုန်းထားက ဆယ်စုနှစ် သုံးခုစာနီးပါးအတွင်း အမြင့်ဆုံး ရောက်ခဲ့ကြောင်း အစီရင်ခံတစ်ရပ်က ဆိုသည်။

နှုန်းထားတိုးလာခြင်းသည် အထူးသဖြင့် သက်လတ်ပိုင်းအရွယ် လူဖြူများ ကိုယ်ကိုကိုသေကြောင်းကြံစည်မှုများပြားလာခြင်းကြောင့်ဖြစ်ကာ ၎င်းတို့၏ ကိုယ်ကိုကို အဆုံးစီရင်မှုက တစ်နိုင်ငံလုံးဖြစ်ပွားသည့် ကိုယ်ကိုကို သတ်သေမှုများ၏ သုံးပုံတစ်ပုံရှိနေသည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ုအစီရင်ခံစာတွင် မည်သည့်အတွက်ကြောင့် မိမိကိုယ်ကိုကို အဆုံးစီရင်မှုနှုန်းထားများ မြင့်တက်လာရကြောင်းကို ရှင်းလင်းထားချက် မပါဝင်ပေ။

သို့သော် ဆေးဝါးများ အလွဲသုံးစား အသုံးပြုကြခြင်းနှင့် ၂၀၀၈ ခုနှစ်မှစခဲ့သည့် စီးပွားရေးကျဆင်းမှုတို့က အကြောင်းရင်းခံများဖြစ်နိုင်ကြောင်း အခြားသောပညာရှင်များက ထောက်ပြထားသည်။

ယခုအစီရင်ခံစာတွင် မိမိကိုယ်ကိုကို သေကြောင်းကြံစည်မှုတွင် ပညာတတ်အဆင့်နှင့် ဝင်ငွေအဆင့်တို့ကို ဖော်ပြထားခြင်းမရှိသော်လည်း ပြီးခဲ့သည့် သုတေသနများအရ တက္ကသိုလ်ဘွဲ့မရရှိသည့် လူဖြူများကြား ကိုယ်ကိုကိုသတ်သေမှု နှုန်းထားမြင့်တက်ကြောင်းကို တွေ့ရှိခဲ့သည်။

"ဆင်းရဲတာ၊ မျှော်လင့်ချက်မဲ့တာနဲ့ ကျန်းမာရေးအခြေအနေတို့က ကိုယ်ကိုကိုသတ်သေမှုတွေအတွက် သက်ရောက်မှု ကြီးကြီးမားမားရှိနေပါတယ်။"ဟု ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့မူဝါဒပါမောက္ခဖြစ်သူ Robert D Putnam က ပြောခဲ့သည်။

စင်တာ ထုတ်ပြန်ထားသည့် ယခုအစီရင်ခံစာတွင် အမေရိကန်နိုင်ငံအတွင်း လူတစ်သိန်းလျှင် ဆယ်သုံးဦးနှုန်း ကိုယ်ကိုကို သတ်သေမှုနှုန်းရှိနေရာ ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းထားအဖြစ် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required