လူမဆန်သည့် စစ်တပ်အား တာ၀န်ယူမှုတာ၀န်ခံမှုရှိရန် မည်သို့လုပ်ဆောင်မလဲဟု ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ မေးခွန်းထုတ်

လူမဆန်သည့် စစ်တပ်အား တာ၀န်ယူမှုတာ၀န်ခံမှုရှိရန် မည်သို့လုပ်ဆောင်မလဲဟု ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ မေးခွန်းထုတ်

လူမဆန်သည့် စစ်တပ်အား တာ၀န်ယူမှုတာ၀န်ခံမှုရှိရန် မည်သို့လုပ်ဆောင်မလဲဟု ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ မေးခွန်းထုတ်လိုက်သည်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ပြုလုပ်သည့် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အခြားသော ရက်စက်ကြမ်းကြုတ်၍ လူသား မဆန်သော သို့မဟုတ် နှိမ့်ချဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်း ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူသားမဆန်သည့် လုပ်ဆောင်ချက်များ အား ချက်ချင်းရပ်တန့်ရန်နှင့် စစ်တပ်အား တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မည်သည့် စုပေါင်း ‌ဆောင်ရွက်မှုများအား လုပ်ဆောင်နိုင်မည်ကို သိရှိလို‌ကြောင်း ၎င်းက‌ပြောသည်။

မြန်မာတွင် စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ် မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်လျက်ရှိပြီး မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ အလွန်အမင်း ဆိုးရွားလာခဲ့ကြောင်း၊နိုင်ငံရေး အကြောင်းပြ၍ မတရား ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း (၂၅,၂၇၄) ဦး ရှိပြီး (၄,၁၄၅) ဦးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရကြောင်း၊ ၃၅ ရာခိုင်နှုန်းမှာ ဖမ်းဆီးထိန်းချုပ် ခံထားရစဉ် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။

အဓိကအားဖြင့် ဖမ်းဆီးထိန်းချုပ်ခံထားရစဉ် သေဆုံးရသည့် ဖြစ်စဉ်များမှာ စစ်တပ်က ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အစာနှင့် သောက်သုံးရေချို့တဲ့မှု နှင့် ဆေးဝါးကုသခြင်းအား ငြင်းဆန်ခံရမှု အပါအဝင် လူမဆန် ‌သော ဆက်ဆံမှုများကြောင့် ဖြစ်ကြောင်း ယင်းဖြစ်စဉ်များသည် စစ်တပ်၏ အကျဉ်းထောင်များ၊ စစ်ကြောရေးစင်တာများ၊ စစ်စခန်းများနှင့် ဖမ်းဆီးထိန်းချုပ်ရန် အသုံးပြုသည့် နေရာများအားလုံးတွင် ဖြစ်ပွားခဲ့ကြောင်း ၎င်းက‌ပြောသည်။ 

သို့သော်မြန်မာစစ်တပ်မှာအဆိုပါ ပြစ်မှုများကို ပြစ်ဒဏ်ကင်းလွတ် ခွင့် ခံစား၍ ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများ၏ အသံကို လေးစားရန်၊ မြန်မာနိုင်ငံတွင် ကြေကွဲ ၀မ်းနည်းဖွယ်ကောင်းသည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန်နှင့် စစ်တပ်အား အပြစ်ပေး‌ရေးအတွက် လိုအပ်သည့် အရေးယူမှုများ ချမှတ်ရန် အလေးထား တိုက်တွန်းလို‌ကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required