ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေး

By ဓါတု (မဇ္ဈိမ)
12 October 2023
ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေး
ပုံ - ယနေ့ စစ်ကောင်စီမှ စစ်ကြောင်းထိုးအပြီးမိုးသည်းထန်စွာရွာသွန်းနေသည့်ရေလယ်ကျွန်းဒေသ (photo- CJ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၌ ယနေ့ အောက်တိုဘာလ ၁၂ နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး ထောင်နှင့်ချီသော အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ရေလယ်ကျွန်းဒေသမှ စစ်ရှောင်များသည် စက်လှေများဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ရွာထဲ လူမကျန်သလောက်ပဲပြေးကြတာ၊ စက်လှေတွေနဲ့ မနက်ခင်းက အကုန်ပြေးကြတာ။ မနက် ၃ နာရီလောက်ကတည်းက စခတွေ(စစ်ကောင်စီ)အင်အားလာချဖို့ပြင်နေတာ” ဟု ရေလယ်ကျွန်းဒေသခံ တဦးက မဇ္စျိမကို ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြင်းခြံဘက်မှ မြောင်အစပ်နားရှိ ရေလယ် ကျွန်းမြောက်ဘက်ခြမ်းသို့ အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသတွင်း မဟာမိတ်အင်အားစုများမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက မဇ္စျိမကို ပြောသည်။

“မနက်က လက်နက်တွေတင်လာတဲ့ စက်လှေအကြီးသုံးစီး အင်အားအပြည့်နဲ့ ရေလယ်ကျွန်းဘက်လာ ချတာ ဒီကောင်တွေထွက်လာတာနဲ့ ကျွန်တော်တို့  လေးနေရာခွဲပြီးစတိုက်တော့ သူတို့( စစ်ကောင်စီ) ဘက်က လက်နက်ကြီးတွေနဲ့အတန်းလိုက်ပစ်တယ်၊ သူတို့ဘက်က ကျွန်တော်တို့ကို မမြင်ဘူး၊ ကျွန်တော် တို့ဘက်က သူတို့ကို အကုန်မြင်ရတယ်” ဟု ဗိုလ်မိုက်ခဲက ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး သေဆုံးကြောင်း ၎င်းကပြောဆိုပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ထို့ပြင် ရေလယ်ကျွန်းတောင်ဘက်အခြမ်း ကျောက်ဖူးကျေးရွာရှိ ရိပ်သာကျောင်းကိုလည်း ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) များ ခိုလှုံနေကြသည် အထင်ဖြင့် စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့သွားကြောင်း ဒေသခံများက ဆိုသည်။

ရွာပေါင်း ၄၄ ရွာရှိသည့် ရေလယ်ကျွန်းဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် တောင်ယာလုပ်ကိုင်သူ အမျိူးသမီးတဦး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required