ပဲခူးမြို့‌ပေါ်ရပ်ကွက်အချို့ ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူအချို့ နေရပ်ပြန်

By ရောင်နီ၊ YT (မဇ္စျိမ)
11 October 2023
ပဲခူးမြို့‌ပေါ်ရပ်ကွက်အချို့ ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူအချို့ နေရပ်ပြန်
ပုံအညွှန်း - ယနေ့ နံနက်ပိုင်း ရေပြန်ကျပြီးနောက် ပဲခူးမြို့ပေါ်မြင်ကွင်းအချို့။ (ပုံ - လူမှုကွန်ရက်)

နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင် ရေကြီးမှု ကြုံတွေ့နေသည့် ပဲခူးမြို့တွင်   ယနေ့ အောက်တိုဘာလ ၁၁ နံနက်၌ အမြင့်ပိုင်းရပ်ကွက်အချို့ ရေပြန်ကျပြီဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများက ပြောသည်။

ပဲခူးမြို့တွင် အောက်တိုဘာလ ၈ရက် နံနက်မှစတင်၍ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၁၄,၀၀၀ ထက်မနည်း ရေဘေးသင့်ခဲ့သည်။
ယနေ့ လေးရက်မြောက်တွင်မှ ရေအနည်းငယ်ပြန်ကျခြင်းဖြစ်သည်။

ပုံအညွှန်း - ယနေ့ နံနက်ပိုင်း ရေပြန်ကျပြီးနောက် ပဲခူးမြို့ပေါ်မြင်ကွင်းအချို့။ (ပုံ - လူမှုကွန်ရက်)

“ ရေက တပေ၊တပေကျော်လောက်ကျသွားတယ်။ ရေလုံး၀ကျသွားတာမျိုးတော့ မရှိဘူး။ အမြင့်ပိုင်းက ရေနည်းနည်းပေါ်သွားတယ်။ အနိမ့်ပိုင်းကတော့ လူရင်စို့လောက်ရှိတဲ့ နေရာရှိတယ်။ လူမြုပ်တဲ့နေရာ မြုပ်နေသေးတယ်။ ကူညီကယ်ဆယ်မှုတွေလုပ်နေရတုန်းပါပဲ” ဟု ပဲခူးမြို့အခြေစိုက်ဟံသာ၀တီ(မွန်)လူမှုကူညီရေးအသင်း တာ၀န်ရှိသူက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြောသည်။

ရေအနည်းငယ် ပြန်ကျနေ၍  ကယ်ဆယ်ရေးစခန်းမှ ပြည်သူအချို့သည်  နေအိမ်သို့ ပြန်နေကြပြီ ဖြစ်သည်။

“ လက်ရှိ အခြေအနေကတော်တော်လေးကျသွားပြီ။ ဆိုရှယ်လစ်၊ အလင်းရောင်၊ ပုဏ္ဏားစုရပ်ကွက်အတွင်းမှာ လူတရပ်မြုပ်တဲ့နေရာမရှိတော့ဘူး" ဟု ​ပဲခူးမြို့ နန်းတော်ရာရပ်ကွက် အခြေစိုက် ညီညွတ်ရေးနာမှုကူညီရေးအသင်း တာ၀န်ရှိသူက ပြောသည်။

ပုံအညွှန်း - ယနေ့ နံနက်ပိုင်း ရေပြန်ကျပြီးနောက် ပဲခူးမြို့ပေါ်မြင်ကွင်းအချို့။ (ပုံ - လူမှုကွန်ရက်)

ပဲခူးမြို့တွင် ယမန်နေ့ည‌နေမှ စတင်၍ မိုးရွာသွန်းမှု မရှိတော့သည့်အတွက် ယနေ့ ညနေပိုင်းတွင် ရေအများစု ပြန်ကျနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ထားကြသည်။ ရေဘေးကြောင့် ပဲခူးမြို့ပေါ်၌  ကယ်ဆယ်ရေးစခန်း ၂၉ ခုဖွင့်လှစ်ခဲ့ရသည်။
ရေကြီးမှု လေးရက်မြောက်နေ့ ယနေ့တွင် ပဲခူးမြို့အတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိတော့သော်လည်း ရေနစ်မြုပ်နေသည့်နေအိမ်အတွင်းမှ ပြည်သူများအား အစားအသောက်များ ဝေငှခြင်းနှများ ဆက်လုပ်လုပ်ဆောင်နေကြောင်းလူမှုကူညီရေးအဖွဲ့များက ပြောသည်။ ထို့အပြင်ရေပြန်ကျသည့် အမြင့်ပိုင်းရပ်ကွက်များတွင် လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ရေကြီးမှုကြောင့် ဖြတ်သန်းသွားလာမှု ရပ်နားခဲ့ရသည့် ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီး ၃၉ မိုင်တိုးဂိတ်တွင်လည်း  ယနေ့တွင် ရေလုံး၀ကျဆင်းသွားပြီ ဖြစ်သည့်အတွက် ဘုရားကြီးမြို့သို့ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

လတ်တ‌လော ရင်ဆိုင်နေရသော ရေဘေးသည်  ပဲခူးမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးရေဘေးဟု မြို့ခံများကပြောသည်။ လက်ရှိအချိန်တွင် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် သုံးပေခန့်၌ ဆက်လက် တည်ရှိနေသော်လည်း ခုနစ်လက်မခန့် ပြန်လည်ကျဆင်းသွားကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလက ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပုံအညွှန်း - ယနေ့ နံနက်ပိုင်း ရေပြန်ကျပြီးနောက် ပဲခူးမြို့ပေါ်မြင်ကွင်းအချို့။ (ပုံ - လူမှုကွန်ရက်)

ထို့အပြင် မိုးဇလက ထုတ်ပြန်သည့် ယနေ့ ညနေ ရာသီဥတုခန့်မှန်းချက်၌ နေရာကွက်မိုးကြီးမည့်ဒေသများတွင် ပဲခူးတိုင်းမပါတော့ပေ။သို့သော် အောက်တိုဘာလ ၁၄ရက်မှစကာ ပဲခူးတိုင်း၌ ပုံမှန်ထက်မိုးကောင်းလာနိုင်ကြောင်း သတိပေးထားသည်။

ပဲခူးမြို့၌ ရေအနည်းငယ်ပြန်ကျနေသလို မြို့ပေါ်ရပ်ကွက် ခုနှစ်ခု ရေကြီးနစ်မြုပ်ခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်လည်း ယနေ့ မိုးရွာသွန်းမှု မရှိတော့ဘဲ ရေပြန်ကျနေပြီဟု ဒေသခံများကပြောသည်။ကျိုက်ထိုမြို့တွင် ရေဘေးရှောင်ပြည်သူ ၈၀၀ ခန့်ရှိခဲ့ပြီး  ယာယီကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်လှစ်ထားရဆဲဖြစ်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly