မြန်မာစစ်အာဏာရှင်သက်ဆိုးရှည်စေမည့် အကူအညီများမပေးရန် ကုလညီလာခံတွင် ဦးကျော်မိုးထွန်း ‌ပြော

မြန်မာစစ်အာဏာရှင်သက်ဆိုးရှည်စေမည့် အကူအညီများမပေးရန် ကုလညီလာခံတွင် ဦးကျော်မိုးထွန်း ‌ပြော
သံအမတ်ကြီးဦးကျော်မိုးထွန်းအား (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အောက်တိုဘာလ ၄ ရက်နေ့ကတွေ့ရစဉ် ၊ (ဓာတ်ပုံ - ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးဖေ့စ်ဘွတ်ခ်)

မြန်မာစစ်အာဏာရှင်ကို သက်ဆိုးရှည်စေမည့် အကူအညီများမပေးရန် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ‌တိုက်တွန်းတောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၃ရက်က ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယ ‌ကော်မတီ၏ ဘာသာရပ်အစီအစဉ် (၁၇) အောက်ရှိစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင် အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါ ရီလအထိ ရွေးကောက်ခံအရပ်သားအစိုးရ၏ အုပ်ချုပ်မှုကာလအတွင်း တိုင်းပြည်အတွက် ခိုင်မာသော စီးပွားရေးအခြေခံ အုတ်မြစ်ကို ထူထောင်ရာတွင် သိသိသာသာ တိုးတက်အောင်မြင်မှုများ ရရှိခဲ့သော်လည်း တရားမဝင်စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်တို့၏ ဆိုးရွားရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြီးခဲ့သည့် (၃၁)လကျော် ကာလအတွင်း တိုးတက်မှုများ လုံးဝပျက်သုဉ်းသွားခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ထို့အပြင် စစ်အာဏာရှင်လက်အောက်၌ လူနှစ်သန်း နီးပါးအိုးအိမ်မဲ့ဖြစ်နေကြရပြီး ၁၈ သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကာ မြန်မာ့လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရောက်ရှိနေကြောင်း ရှင်းပြသွားသည်။

အာဏာရှင်များသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသလို နိုင်ငံ့စီးပွားရေးကိုလည်း စီမံခန့်ခွဲနိုင်စွမ်းလည်းမရှိကြောင်းလည်း ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးတွင် ထုတ်‌ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် စစ်အာဏာရှင်လက်အောက်၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိသည်မှာ ရှင်းလင်း‌ကြောင်း၊  မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှုမှန်သမျှသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် အကူအညီများ မဖြစ်ရန် အလွန်အရေးကြီးကြောင်း ဦးကျော်မိုးထွန်း က ‌ပြောကြားသွားသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ပေးအပ်မည့် အကူအညီအားလုံးသည် လိုအပ်နေသော ပြည်သူများထံသို့ ရောက်ရှိရေးသည် အရေးကြီး ကြောင်း၊ အကူအညီပေးရာတွင် မည်သည်တဦးတယောက်ကိုမျှ  ချန်လှပ်ထားခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှု ရှိရမည်ဆိုသည့်မူနှင့်အညီဖြစ်ရန် လိုကြောင်း တောင်းဆိုသွားသည်။  

ထို့အပြင် ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မိတ်ဖက်များ အားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် အဓိကသက်ဆိုင်သူများအားလုံးနှင့် လက်တွဲ လုပ်ဆောင်ရန် အရေးကြီးကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသွားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီပြန်လည်ထူထောင်ရေး လုပ်ဆောင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသည် အနာဂတ်အတွက် မြန်မာပြည်သူများ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း  ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား ဦးကျော်မိုးထွန်းက ‌အသိ‌ပေးပြောကြားသွားသည်။

စာတည်း - အေးချမ်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required