တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်၍ နေအိမ်အချို့ပျက်စီးကာ လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့်လူမှုကယ်ဆယ်ရေး အဖွဲများထံမှ သိရသည်။
မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုတွင် ယနေ့ စက်တင်ဘာလ ၂၈ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းနေချိန် လေပြင်းပါ တိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံး မြေပိမိပြီး အမျိုးသမီးတဦးနှင့် ကလေးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရ သည်။
" မိုးတအားရွာနေတော့ ဒီနေ့ မနက်ပဲ မြို့ထဲက ရပ်ကွက် အချို့မှာ လေပြင်းတိုက်လို့ နေအိမ်တွေ ပျက်စီးတာ ရှိတယ်။ ကျွဲကူးဖက်မှာ မြေပြိုလို့ လူတွေပိပြီး ပစ္စည်းဆုံးရှုံးမှုတွေ ရှိနေတယ်”ဟု မြိတ်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောသည်။
မြေပြိုမှုကြောင့် နေအိမ်နှစ်လုံး၊လက်တွန်းထွန်စက် တစီး၊ဆိုက်ကယ်တစီး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၉၅သိန်းကျပ်ခန့်ရှိကြောင်း စစ်ကောင်စီ လက် အောက်ခံ မြိတ်မြို့နယ် မီးသတ်ဦးဌာန ထုတ်ပြန်ထားသည်။
ထိုအပြင် မြိတ်တောင်ကျေးရွာအုပ်စုရှိ ရပ်ကွက် အချို့တွင်လည်း လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးမှုများလည်း ရှိခဲ့ပြီး မြို့ပေါ် ရပ်ကွက်များတွင် ရေနစ်မြုပ်မှုများဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလောတွင် တောင်တရုတ်ပင်လယ်ဘက်မှ လေဖိအားနည်းရပ်ဝန်းတခုသည် ထိုင်းနိုင်ငံကို ဖြတ်ကျော်နေရာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်များရှိနေသည်။ ဘင်္ဂလားပင်လယ်အော်၌လည်း မုတ်သုံလေအားကောင်းနေ၍ ဒေသအများစု မိုးဆက်လက်များနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတိပေးထားသည်။
မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလတွင် မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ ရေကြီးမှုဘေးနှင့် မြေပြိုမှုဘေးသတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားသည်။
စာတည်း - အေးချမ်း