အောက်တိုဘာလအတွင်း မြစ် ၆ စင်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နိုင်ဟုဆို

By ရောင်နီ (မဇ္စျိမ)
28 September 2023
အောက်တိုဘာလအတွင်း မြစ် ၆ စင်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နိုင်ဟုဆို
ပုံအညွှန်း - ပြီးခဲ့သည့် သြဂုတ်လက သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကရင်ပြည်နယ်အတွင်း ရေကြီးမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ (ပုံ-လူမှုကွန်ရက်)

လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ခြောက်စင်း စိုးရိမ်ရေမှတ်အထက်  ပြန်လည်မြင့်တက်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်ကို  စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့စက်တင်ဘာလ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။ 

စစ်တောင်းမြစ်၊ပဲခူးမြစ်၊သံလွင်မြစ်၊သောင်ရင်းမြစ်၊ငဝန်မြစ်နှင့် တိုးမြစ်ရေသည်  သက်ဆိုင်ရာ ဒေသများအလိုက် မဒေါက်မြို့၊ပဲခူးမြို့၊ဘားအံမြို့၊မြ၀တီမြို့၊ပုသိမ်မြို့နှင့်မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တကြိမ်စီကျော်လွန်နိုင်ကြောင်း သတိပေးထားသည်။

အောက်တိုဘာလတွင် ပုံမှန်ထက်မိုးကောင်းမည့်သတိပေးချက်များလည်း ရှိနေပြီး မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပါက မြေနိမ့်ပိုင်းဒေသများ  ရေကြီးနစ်မြုပ်မှုကြုံတွေ့နိုင်ကြောင်း မိုးလေဝသဆိုင်ရာအ‌ခြေအနေများကို လေ့လာနေသူများက သတိပေးသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လတွင်လည်း မြန်မာနိုင်ငံဒေသအများစု၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းများ စိုးရိမ်ရေမှတ်အထက်မြင့်တက်ခဲ့ကာ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ် ခဲ့သည်။ 

လတ်တလောတွင် တောင်တရုတ်ပင်လယ်ဘက်မှ လေဖိအားနည်းရပ်ဝန်းတခုသည် ထိုင်းနိုင်ငံကို ဖြတ်ကျော်နေရာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနှင့်  ဧရာဝတီတိုင်း၌ မိုး‌သည်းထန်စွာရွာသွန်းနေသည်။ ဘင်္ဂလားပင်လယ်အော်၌လည်း မကြာမီ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်သည်ဟု မိုးဇလဌာနက သတိပေးထားသည်။ နောက်နှစ်ရက်အတွင်း  ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း မိုးဇလဌာနက ယနေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်ထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က  မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ မြစ်၊ချောင်းများ ရေတိုးလာပြီး  ရေကြီးကာလထပ်မံကြုံတွေ့နိုင်ကြောင်းစက်တင်ဘာလ ၂၅ ရက်နေ့တွင်  သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly