မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီအထိုင်တပ်နှင့် စစ်ကြောင်းများအား ငါးလ တာကာလအတွင်း တိုက်ခိုက်မှု ၃၇ ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ် ပြန်သည်။
ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် ဧပြီလတွင်ဖွဲ့စည်းပြီးနောက် ဒေသတွင်း မဟာမိတ် ကာ ကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒရုန်းမစ်ရှင်များအား ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုများကို ဧပြီလ ၁၃ ရက်နေ့တွင်စတင်ခဲ့ပြီး ယခုစက်တင်ဘာလ ၅ ရက်နေ့အထိ စစ်ကောင်စီ တပ်အထိုင်စခန်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ စစ်ကြောင်းများကို ဦးတည်ကာ ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု ၃၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတွေမှာ တော်တော်များများ ဒရုန်းဖြတ်တောက်ရေးစက် (Jammer) တွေရှိတယ်။ စစ်ကြောင်းတွေမှာလည်း အဲဒီလိုစက်တွေပါတော့ ၃၇ ကြိမ်လုံး လွယ်လွယ်ကူကူ ပျံသန်း နိုင်ခဲ့တာမျိုးမရှိဘူး။ သူတို့ ဖြတ်တောက်မှုကို ကျော်လွှားရင်း အကြိမ်တိုင်း ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ ရပါ တယ်” ဟု ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့တာ၀န်ခံ ဆရာလေးက ပြောသည်။
ယင်းသို့ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၂၉၃ ဦးသေဆုံးကာ ၉၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း တပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မည်သို့အတည်ပြုခဲ့သည်ကို မဇ္ဈိမကမေးမြန်း ရာတွင် “ မြေပြင်မှာရှိတဲ့ သတင်းပေးတွေကတဆင့် အတည်ပြုနိုင်ခဲ့တာပါ”ဟု တပ်ဖွဲ့တာ၀န်ခံဆရာလေး ကဆိုသည်။
ဒရုန်းစစ်ဆင်ရေးပြုလုပ်ရာတွင် ဗုံးသီးတလုံးလျှင် ငွေကျပ် ၁၀၀,၀၀၀ ၀န်းကျင် ကုန်ကျပြီး ငါးလတာ စစ်ဆင်ရေးကာလအတွင်း ဒရုန်းဗုံးသီး စုစုပေါင်း ၄၂၇ လုံး အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်၏ တုံ့ပြန်ပစ်ခတ်မှုနှင့် ဒရုန်းပျံသန်းမှုဖြတ်တောက်သည့် စက် များကြောင့် ဒရုန်းအချို့ ထိခိုက်မှုရှိခဲ့သော်လည်း ပျက်ကျဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။
“ တိုက်ခိုက်မှုတွေမှာ ဒရုန်းပျက်စီးမှုရှိပေမယ့် ကျွန်တော်တို့တွေ ပြန်ပြုပြင်နိုင်တဲ့ အနေအထားအထိရှိနေ ပါပြီ။ ဒါပေမယ့် ပြန်ပြင်တဲ့အချိန်နဲ့ ကုန်ကျစရိတ်တွေအတွက်တော့ အခက်အခဲရှိနေပါတယ်” ဟု တပ်ဖွဲ့တာ၀န်ခံက ဆက်ပြောသည်။
ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်တွင်ရှိပြီး ကျောက်ဆည်ခရိုင်တခုလုံးတွင် စစ်ဆင်ရေးလုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဒရုန်းမစ်ရှင်များ ဆက်လက်ဖော်ဆောင်နိုင်ရန် ကုန်ကျစရိတ် လိုအပ်ချက်များရှိနေ သည့်အတွက် ဝိုင်းဝန်းပံ့ပိုးပေးကြရန်လည်း ပြည်သူများကို မေတ္တာရပ်ခံသည်။
“ အခုဆို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေက စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်နေပါပြီ။ တဖက်မှာလည်း ဒရုန်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေက ကုန်ကျစရိတ်ပိုရှိတယ်။ သွားလာရေးစရိတ်တွေ က အစပေါ့။ တော်လှန်ရေးကာလအချိန်ကြာလာတော့ ထောက်ပံ့မှုတွေနည်းလာတဲ့အတွက် ဒရုန်းတပ်ဖွဲ့ တွေမှာ အခက်အခဲတွေရင်ဆိုင်လာရတယ်” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ မြေပြင်ကာကွယ်ရေးရဲဘော် တဦးက မှတ်ချက်ပြုသည်။
စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာလာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုအားကောင်း လာခြင်းနှင့်အတူ နည်းပညာမြင့် ဒရုန်းများအသုံးပြုကာ ဗုံးသီးကြဲချတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိလာခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်အတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ဝေထားကြောင်း ပြောကြားထားသည်။
စာတည်း။ ။စောဖေ