စစ်ကိုင်းက ပုဂ္ဂလိကကျောင်း စစ်ကောင်စီတပ်ချိပ်ပိတ် ပိုင်ရှင်ကိုဖမ်းဆီးထားဟုဆို

By 007(မဇ္စျိမ)
23 September 2023
စစ်ကိုင်းက ပုဂ္ဂလိကကျောင်း စစ်ကောင်စီတပ်ချိပ်ပိတ် ပိုင်ရှင်ကိုဖမ်းဆီးထားဟုဆို
ပုံစာ -ချိပ်ပိတ်ခံရသည့် ရင်သွေးရတနာကိုယ်ပိုင်ကျောင်း(Photo -ပေးပို့)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ် သာစည်ရပ်ကွက်ရှိ ရင်သွေးရတနာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းပိုင်ရှင်ဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ကျောင်းကိုပါချိပ်ပိတ်သွားကြောင်း စစ်ကိုင်းဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

"ခဏလိုက်ခဲ့ဆိုပြီးခေါ်သွားတာ၊ အခုအထိဘာလို့ဖမ်းတာမှန်းမသိရသေးဘူး၊ လူကို မနက်ပိုင်းမှာဖမ်းပြီး ညဘက်မှာ ကျောင်းကိုလာသိမ်း(ချိပ်ပိတ်)သွားတာ၊ စီးပွားဘက်အချင်းချင်းချောက်တွန်းလို့ အဖမ်းခံရတာပါ" ဟု ကျောင်းပိုင်ရှင်မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

 ကျောင်းပိုင်ရှင်ဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်ထားထားဦး(ကျောင်းအုပ်ဆရာမကြီး)ကို စက်တင်ဘာလ ၂၁ ရက်နေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ နောက်တရက်ည ၈ နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့က ကျောင်းကိုပါ
လာရောက်ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတူအချင်းချင်းရဲ့ လက်ထောက်ချခံရလို့ပါသွားတာပါ၊ စစ်လော်ဘီတွေက ဆရာမကြီးကိုဖမ်းဖို့၊ ချန်နယ်(Telegram)တွေကနေ ဝိုင်းတွန်းတယ်၊ နောက်ရက်မှာလာဖမ်းပြီး ကျောင်းကိုပါချိပ်ပိတ်တယ်၊ စစ်ကိုင်းမှာ အခု လုပ်ငန်းရှင်တွေကို PDF ထောက်ပံ့အကြောင်းပြချက်နဲ့၊ ဖမ်းဖို့ဆီးဖို့ လှုံ့ဆော်နေတာတွေရှိတယ်၊ ဟိုတရက်ကလည်း ဖုန်းဆိုင်ပါသွားပြီးပြီ" ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် စစ်ကိုင်းမြို့ခံ နိုင်ငံရေးအင်အားစုမှ တဦးကမှတ်ချက်ပြုသည်။

ကျောင်းပိုင်ရှင်ဖမ်းဆီးခံရပြီး၊ ကျောင်းချိပ်ပိတ်ခံရမှုနှင့်ပတ်သက်၍ စစ်အုပ်စုလော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ကျောင်းပိုင်ရှင်သည် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)ကဖွင့်လှစ်သည့် Sagaing Federal School အွန်လိုင်းစာသင်ကျောင်းတွင် စာသင်ထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့်ဟု စွပ်စွဲထားပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက် မရှိသေးပေ။

လက်ရှိတွင် ကျောင်းပိုင်ရှင်ဒေါ်ထားထားဦးအား စစ်ကိုင်းမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သည့်အသိုက်အ၀န်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီသည် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းမြို့ကနာမည်ကြီးဖုန်းဆိုင်(Hello Mobile)ပိုင်ရှင်ကိုဝေဖြိုးကို စစ်တပ်လော်ဘီများ၏ လက်ထောက်ချမှုကြောင့် ဖမ်းဆီးပြီး ဆိုင်ဖွင့်ထားသည့်နေအိမ်အဆောက်အအုံကိုလည်း ချိပ်ပိတ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly