မင်းအောင်လှိုင်အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ

မင်းအောင်လှိုင်အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဝါဒဖြန့်လုပ်ငန်းများ၊ နိုင်ငံရေးအကောင်အထည်ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာများလုပ်ကိုင်ရာတွင် အနီးကပ်ဆုံးသော လူယုံဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများထက်ပင် တန်ခိုးထွားနေသူမှာ ဗိုလ်မှူးကျော်ဇောရဲဖြစ်သည်ကို မဇ္ဈိမက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

ဗိုလ်မှူးကျော်ဇောရဲ သည် မင်းအောင်လှိုင်နှင့် ဒေါ်ကြူကြူလှတို့၏ အတွင်းလူယုံဖြစ်ကာ သူ့ဦးဆောင်သည့် ဝါဒဖြန့်အဖွဲ့မှာ အင်းတိုင်ရှိ တပ်မ (၁၁) မှာ အခြေစိုက်သည်။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်အပါအဝင် နိုင်ငံရေးဖြစ်စဉ်များအတွင်း သတင်းမှားထုတ်လွှင့်ခြင်း၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးနယ်ပယ်က လူပုဂ္ဂိုလ်တို့ရဲ့ လူမှုကွန်ရက်တွေမှာ အပျက်သဘောဆောင်သော၊ မှားယွင်းသော ကွန်မင့်ပေးခြင်းကအစ အဆိုပါအဖွဲ့က လုပ်ကိုင်နေခဲ့သည်။

ဗိုလ်မှူးကျော်ဇော်ရဲကို အငြိမ်းစား သစ်တောဦးစီးမှူး ဦးသိန်းဇော်နဲ့ ဒေါ်တိုးတိုးတို့က ဗန်းမော်မြို့မှာ မွေးဖွားပြီး စစ်တက္ကသိုလ် DSA အပတ်စဉ်-၄၇ ဖြင့် ၂၀၀၄ ခုနှစ်မှာ သင်တန်းဆင်းခဲ့သူတဦးဖြစ်သည်။ သူသည် Information Computer Science ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့ပြီး ရုရှားနိုင်ငံ မော်စကိုမြို့ရှိ National Research University of Electronic Technology (MIET) မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။

သူသည် ယခု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်၏ သမီး မို့မို့မြင့်ကြိုင်နဲ့ အိမ်ထောင်ပြုခဲ့သည်။

ဦးမြင့်ကြိုင်သည် အလုပ်သင်ဗိုလ် အပတ်စဉ် (၅) ဆင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်လက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်လာခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အလုပ်သမားဝန်ကြီးဌာနနဲ့ လ၀ကဝန်ကြီးဌာနကိုခွဲလိုက်သည့်အခါ ဦးမြင့်ကြိုင်သည် အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သွားခဲ့သေးသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လထဲတွင်တော့ မင်းအောင်လှိုင်၏ နိုင်ငံရေးလမ်းကြောင်းတွင် အဓိကကျသော ဝန်ကြီးဌာနတခုဖြစ်လာသည့် လ၀က၏ ပြည်ထောင်စုဝန်ကြီးဖြစ်သွားသည်။

ဥိီးမြင့်ကြိုင်ရာထူးတိုးမှုတွင် ဗိုလ်မှူးကျော်ဇော်ရဲနှင့် မင်းအောင်လှိုင်တို့ဆက်နွယ်မှုကြောင့်ဟု ပြော၍ရသည်ည်။ ဗိုလ်မှူးကျော်ဇော်၏ညီ ဦးမျိုးသူဇော်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတယောက်ဖြစ်သည်။ ဦးမြင့်ကြိုင်မှာ အမေရိကန်နှင့် ဥရောပတို့ရဲ့ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုပြုခံရသူစာရင်းတွင်ပါဝင်သည်။

ဗိုလ်မှူးကျော်ဇောရဲသည် မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ လိုက်ပါရလေ့ရှိပြီး ရုရှားနဲ့ဆိုင်သော သုတေသနကိစ္စရပ်များလည်း လုပ်ဆောင်ရသလို မင်းအောင်လှိုင်နှင့် အရပ်ဘက်နိုင်ငံရေးနယ်ပယ်ကလူပုဂ္ဂိုလ်တွေအကြောင်းလေ့လာမှု၊ ဆက်ဆံရေးများအတွက်လည်း တရားမဝင် သုတေသီအကြံပေးတဦးလည်းဖြစ်သည်။ ထို့အပြင် မဘသအဖွဲ့၊ စစ်တပ်ထောက်ခံရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မှုတွေအတွက်လည်း နောက်ကွယ်က ကြိုးကိုင်မှုမှာ အခရာကျသူဖြစ်သည်။

သူသည်သီတဂူဆရာတော်ဘဒ္ဒန္တဉာဏိဿရနှင့်လည်း ရင်းနှီးသူဖြစ်လာပြီး စစ်တပ်၊ ရဟန်းသံဃာတို့ချိတ်ဆက်ပြီး လက်ယာစွန်း အမျိုးသားရေးဝါဒီ ထူထောင်ချိတ်ဆက်ကာ အနောက်တိုင်းဆန့်ကျင်ရေးတို့တွင်ဗိုလ်မှူးကျော်ဇောရဲကို မင်းအောင်လှိုင်က အသုံးပြုနေခဲ့သည်။

ဗိုလ်မှူးကျော်ဇောရဲသည်ရုရှားနိုင်ငံ မော်စကိုမြို့ ထေရဝါဒဗုဒ္ဓစင်တာတည်ထောင်ခြင်းအပါအဝင် ရုရှားမှာ ဘုရားတည်၊ ကျောင်းဆောက်လုပ်ဆောင်ဖို့အတွက် ဆက်စပ်အကောင်အထည်ဖော်ခဲ့သည်။

တရားဝင်ကိုယ်ရေးအရာရှိမဟုတ်သော်လည်း ဗိုလ်ချုပ်ကြီးအဆင့်ကပင် မင်းအောင်လှိုင်နှင့်တွေ့လိုလျှင် အရပ်ဝတ်ဖြင့်အနေများသော ဗိုလ်မှူးကျော်ဇောမှတဆင့် စိစစ်မှုခံရသည်။ ဗိုလ်ချုပ်ကြီးများပင် " ကြောက်နေရတယ်" ဟု စစ်ဘက်အရာရှိတဦးက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ရာတွင် ဗိုလ်မှူးကျော်ဇောရဲသည်လည်း စီမံထူးချွန်တံဆိပ်(တတိယအဆင့်) ရရှိခဲ့သည်။ ထိုစဉ်က သူနှင့်အတူ တတိယအဆင့် စီမံထူးချွန်တံဆိပ်ရသူများတွင် တပ်မတော်ရေးရာ လုံခြုံရေးအရာရှိချုပ် (စရဖ)ရုံးမှ ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်ဗိုလ်မှူးချုပ် ကျော်ကျော်လွင်တို့လည်းပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required