ဖိလစ်ပိုင်သမ္မတ မားကို့စ်က အတိုက်အခံများကို အကြောင်းရှာနှိပ်ကွပ်နေဟု တက်ကြွလှုပ်ရှားသူများ စွပ်စွဲ

ဖိလစ်ပိုင်သမ္မတ မားကို့စ်က အတိုက်အခံများကို အကြောင်းရှာနှိပ်ကွပ်နေဟု တက်ကြွလှုပ်ရှားသူများ စွပ်စွဲ
Photo: AFP

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ အစိုးရသည် လူ့အခွင့်အရေး ခုခံကာကွယ်သူများအပေါ် အကြောင်းရှာ နှိပ်ကွပ်နေကြောင်း ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၁ ရက်တွင် စွပ်စွဲပြောဆိုလိုက်သည်။

ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူများသည် နိုင်ငံတွင် ၁၉၇၂ ခုနှစ်က မာရှယ်လော ကြေညာခဲ့ခြင်း၏ ၅၁ နှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် စုဝေးချီတက်မှုများ ပြုလုပ်ကြသည်။

လူရာနှင့်ချီတို့သည် မနီလာမြို့တွင် ချီတက်ခဲ့ကြပြီး အတင်းအကျပ် အစဖျောက်ခံရသူများ ပြန်လွတ်လာရေးနှင့် ယခင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ထူထောင်ဖွဲ့စည်းခဲ့ပြီး အစိုးရအပေါ် ဝေဖန်သူများအပေါ် ပစ်မှတ်ထားသည်ဟု စွပ်စွဲခံခဲ့ရသည့် ကွန်မြူနစ် ဆန့်ကျင်ရေး အထူးတပ်ဖွဲ့ကို ဖျက်သိမ်းရေးတို့ကို တောင်းဆိုခဲ့ကြသည်။

လက်ရှိ မားကို့စ် ဂျူနီယာ အစိုးရသည်လည်း ထို အထူးတာဝန် တပ်ဖွဲ့ကို အသုံးပြုပြီး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူများနှင့် အခြားသော အမြင်သဘောကွဲလွဲသူများကို အကြောင်းရှာ နှိပ်ကွပ်နေသလို စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို မာရှယ်လော ကာလနှင့် ဆင်တူသည့် ဖိနှိပ်မှုမျိုး ကျူးလွန်စေနိုင်ခွင့်ပြုနေကြောင်း လူ့အခွင့်အရေးအဖွဲ့ Karapatan က ပြောသည်။

မားကို့စ် ဂျူနီယာ၏ ဖခင်ဖြစ်သည့် အာဏာရှင် ဖာဒီနန် မားကို့စ်သည် ၁၉၇၂ ခုနှစ်က မာရှယ်လော ကြေညာပြဋ္ဌာန်းခဲ့ခြင်းနှင့်အတူ ၎င်း၏ လုံခြုံရေးတပ်များက အတိုက်အခံများ၊ ဝေဖန်သူများနှင့် အမြင်သဘောကွဲလွဲသူများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။

လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူထောင်ချီ သေဆုံးခဲ့ရပြီး လူသောင်းချီ နှိပ်စက်ညှဉ်းပန်း၊ အကျဉ်းချခံခဲ့ရကြောင်း Amnesty International အဖွဲ့က ခန့်မှန်းသည်။

သမ္မတဟောင်း ဒူတာတေး၏ လူသေဆုံးစေသော မူးယစ်စစ်ပွဲကို ဆက်ရှိနေစေခဲ့သည့် လက်ရှိသမ္မတ မားကို့စ် ဂျူနီယာ လက်ထက်တွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများက ဆက်ရှိနေကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

မားကို့စ် ဂျူနီယာ ၂၀၂၂ ဇွန်လတွင် သမ္မတ ဖြစ်လာပြီးနောက် နိုင်ငံတွင် တက်ကြွလှုပ်ရှားသူ ရှစ်ဦး ပျောက်ကွယ်သွားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

အလားတူကာလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် သတ်ဖြတ်မှုပေါင်း ၄၀၀ ကျော် ရှိခဲ့ကြောင်း စောင့်ကြည့်အဖွဲ့တခုအရ သိရသည်။

“ကျွန်တော်တို့ဟာ ခုချိန်ထိ ၁၉၇၂ ကာလရဲ့ အရိပ်အောက်မှာ နေနေရသလိုမျိုး ဖြစ်နေဆဲပါ။ လက်ရှိအစိုးရဟာလည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အလေးမထားပါဘူး” ဟု လက်ဝဲဝါဒီ မဟာမိတ် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ရီနာတို ရေးယက်စ်က ဆန္ဒပြသူများကို ပြောသည်။

Filipino activists accuse Marcos of 'witch-hunt'
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly