မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသော်လည်း ကုန်စျေးနှုန်းများ မကျ

By ဓါတု(မဇ္ဈိမ)
10 September 2023
မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသော်လည်း ကုန်စျေးနှုန်းများ မကျ

ပြည်တွင်း စျေးကွက်ထဲတွင်   စက်တင်ဘာလ ၅ ရက်က စတင်၍ ရွှေစျေးနှင့် နိုင်ငံခြားငွေစျေး တဖြည်းဖြည်းကျဆင်းလာပြီး  မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာသော်လည်း စားသုံးကုန်နှင့် ဆေးဝါးစျေးနှုန်းများမှာ ကျဆင်းခြင်းမရှိကြောင်း မြို့ပြနေထိုင်သူများကဆိုသည်။

ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်က ကြေညာပြီးသည့်နောက်  မြန်မာ့ငွေကြေး စျေးကွက်တွင် နိုင်ငံခြားငွေစျေးနှင့် ရွှေစျေးမှာ  သိသိသာသာထိုးတက်ခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေစျေးနှင့် ရွှေစျေးများမှာ တရွေ့ရွေ့ကျဆင်းလာခြင်းဖြစ်သည်။

 ယခုလ စက်တင်ဘာလ ၅ ရက်နေ့မတိုင်မီ ရွှေစျေးမှာ အခေါက်ရွှေတကျပ်သားလျှင်  ၃,၆၀၀,၀၀၀  မှ,၃,၈၀၀,၀၀၀ သိန်းဝန်းကျင် အထိရှိခဲ့သော်လည်း ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက်တွင် ကျပ် ၃,၁၀၀,၀၀၀  သိန်းမှ  ၃,၃၀၀,၀၀၀ သိန်း အောက်အထိ သာရှိတော့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က ကြေညာထားသည်။

ထို့အတူ ယခု စက်တင်ဘာလ ဒုတိယပတ်အတွင်း  အမေရိကန် တဒေါ်လာလျှင် ကျပ်၃,၅၀၀ ဝန်းကျင် မှ ကျပ် ၃,၂၀၀ ဝန်းကျင်သို့  ကျဆင်းလာပြီး ထိုင်းဘတ်ငွေမှာ   ၁၀၉ ကျပ် မှ ၈၇ ကျပ် သို့ ကျဆင်းလာသည်။ညသို့သော်လည်း စက်သုံးဆီနှင့် စားသုံးကုန်မှာ စျေးမကျဆင်းသေးကြောင်းစျေးကွက်လေ့လာသူများက ပြောသည်။

" စက်သုံးဆီစျေးမကျရင် လမ်းပန်းဆက်သွယ်ရေးပို့တဲ့အခါ အခက်အခဲရှိတယ်။ ဆီစျေးမကျရင် ကုန်စျေးနှုန်းလည်းကျဖို့ အလားအလာမရှိဘူး။ နောက်တစ်ခုကကုန်ပစ္စည်းတွေမှာ ကုန်စည်ဒိုင်တွေက ပဲ၊ ဆန်၊ ဆီစျေးကွက်တွေကို ထိန်းချုပ်ထားသရွေ့ကုန်စျေးနှုန်းရပ်မှာမဟုတ်ဘူး။ ပြီးရင် စားအုန်းဆီကို ကုန်စုံဆိုင်တွေ အနေနဲ့ လက်ကားစျေး  ၄,၄၀၀ ဆို လက်လီစျေး ၄၅၀၀ ပဲရောင်းရမယ်ဆိုတဲ့လက်မှတ်ထိုးရတော့ မကိုက်လို့ဆိုပြီး မရောင်းတော့ဘူး အဲ့ဒီကနေ ဆီဒိုင် တွေမှာ တန်းစီပြီး တိုးဝယ်ရတဲ့ အခြေအနေတွေ ဖြစ်လာတာ "ဟု စျေးကွက်လေ့လာသူတစ်ဦးက ပြောသည်။

စက်တင်ဘာလအတွင်း ကုန်စျေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ စတိုးဆိုင်အချို့တွင်သာ ကုန်ပစ္စည်းများကို ယခင်ပေါက်စျေးထက် အနည်းငယ်စျေးလျှော့ရောင်းနေကြောင်း အိမ်ထောင်ရှင်မများက ဆိုသည်။ 

စျေးတက်ချိန်ဝယ်ယူထားမိသည့် ကုန်စျေးနှုန်းများကို လက်ရှိတွင် စျေးလျော့ရောင်းရန် မဖြစ်နိုင်ဘဲ ကုန်ပစ္စည်းအသစ်များကိုသာ စျေးနှုန်းအသစ်ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။  ထိုကြောင့် နိုင်ငံခြားငွေစျေးများကျဆင်းလာသော်လည်း ကုန်စျေးနှုန်းများ ချက်ချင်း ကျဆင်းရန် မဖြစ်နိုင်ကြောင်း သိရသည်။ 

"အရင်ဒေါ်လာနှုန်းနဲ့ ဝယ်ထားစျေးကို အခုစျေးနဲ့ ရောင်းလိုက်ရင် အရင်းအတွက် ဘယ်လိုမှမမီဘူး။  ဒီနေ့ဒေါ်လာစျေးကျလို့ လက်ရှိပစ္စည်းတွေကို ဝုန်းခနဲ ချပြီး ရောင်းလို့မရဘူးလေ။   နောက်ထပ် ကုန်ပစ္စည်းရောက်မှ စျေးလျှော့ရောင်းလို့ရမှာ တလလောက်မှ စျေးကျတာသိသာမယ် ။ စားသောက်ကုန်တွေနဲ့ ကြည့်မယ်ဆိုရင်လည်း ဆန် ၁၀ အိတ်ဝယ်ထားရင် တနေ့ကို ၁၀ ပြည်ပဲရောင်းရတယ်ဆိုရင် ဝယ်ထားတဲ့ဆန်တွေကမကုန်သေးခင် ဒီအတိုင်းပဲ နောက်မှ တဖြည်းဖြည်းကျမှာပါ" ဟု စီပွားရေးလုပ်ငန်းရှင် တဦးကဆိုသည်။

လက်ရှိ   ဆန်တအိတ်စျေးနှုန်းများမှာ - ပေါ်ဆန်းမွှေး ၁၆၀,၀၀၀ ကျပ် ၊ကျားပျံ ၁၄၀,၀၀၀ ကျပ်၊ရက် ၉၀ ရှယ် ၉၀,၀၀၀ ကျပ်နှင့် ပဲစျေးကွက်တွင် လည်းကုလားပဲ တပိသာ ၇,၀၀၀၊ ပဲနီလေး ၉,၅၀၀၊ စားတော်ပဲ ၁၁,၀၀၀ ကျပ် နှင့် အနိမ့်ဆုံးစားအုန်းဆီစျေးမှာ တပိသာ ၁၂,၀၀၀ ပေါက်စျေးရှိနေသည်။ ထိုကုန်စျေးနှုန်းများမှာ  နိုင်ငံခြားငွေစျေးနှုန်းမြင့်ခဲ့သည့် သြဂုတ်လ စျေးနှုန်းနှင့်  နှိုင်းယှဥ်ပါက မြင့်တက်နေဆဲဖြစ်သည်။ 

" မိုးတွင်းစျေးတက်တာပုံမှန်ပါပဲ ။ ဘာလေးဘာဖြစ်တဲ့ စက်တင်ဘာကနေ ဒီဇင်ဘာအထိ စျေးတွေထိုးကျမှာပါ ။ သင်္ကြန်ကာလပြီးရင် ပြန်တက်တယ် ။ နိုင်ငံရေးအခြေအနေတွေကြောင့်လည်း စျေးအတက်အကျမြန်တာတွေလည်း ပါတာပေါ့" ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ၎င်း၏ ယူဆချက်ကို ပြောသည်။

မဇ္ဈိမက စုဆောင်းထားသည့် စျေးနှုန်းစာရင်းအရ  စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်အများစု စျေးနှုန်းသည် အာဏာမသိမ်းခင်ကာလ စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက စျေးနှုန်း တဆကျော်မှ သုံးဆကျော်အထိ မြင့်တက်လာသည်။   စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အမှားများကြောင့်  ကုန်စျေးနှုန်းများ မတည်မငြိမ် ဖြစ်ရသည်ဟုလည်း  စီးပွားရေးလေ့လာသူများက သုံးသပ်သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly