အစိုးရတရပ်၏ ဂုဏ်နှင့် ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်များကျင့်ကြံကြရန် NUG ယာယီသမ္မတ သတိပေး

By (မဇ္ဈိမ)
06 September 2023
အစိုးရတရပ်၏ ဂုဏ်နှင့် ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်များကျင့်ကြံကြရန် NUG ယာယီသမ္မတ သတိပေး
ပုံအညွှန်း-NUG ယာယီသမ္မတ ဒူဝါလရှီးလ

အစိုးရတရပ်၏ ဂုဏ်နှင့် ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်များ ကျင့်ကြံကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သတိပေး ပြောကြားသည်။

" တိုင်းပြည်နဲ့ လူထုကို တော်လှန်ရေးအစိုးရအနေနဲ့ ဦးဆောင်တဲ့နေရာမှာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်တွေကို ကျင့်ကြံကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမြော်အမြင်ဟာ တိုင်းပြည်နဲ့ လူထုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တာမို့လို့၊ မိမိတို့ရဲ့ အတွေးအခေါ် အမြော်အမြင်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ကြိုးစား ဖြည့်ကျင့်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် နွေဦးတော်လှန်ရေးအတွင်း လက်တွေ့ကျသည့် စစ်ရေးရလဒ်နှင့်အတူ လက်တွေ့ကျသည့် အုပ်ချုပ်စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော် တည်ဆောက်  ရေးသည် ပဓာနကျသည်ကို မမေ့ဖို့လိုအပ်ကြောင်း ယာယီသမ္မတက ပြောသည်။

"  နွေဦးတော်လှန်ရေးက သုံးနှစ်တာ ကာလအထိ ရောက်လာ တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ကျွန်တော်တို့တွေဟာ ဘယ်လို ခြေလှမ်းမျိုးတွေကို ပီပီပြင်ပြင် ပေါက်ပေါက်မြောက်မြောက် လျှောက်လှမ်းထားကြပြီးပြီဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ဘယ်လို အလုပ်မျိုးတွေဟာ ပြည်သူလူထုကို ကျေးဇူးပြုစေတဲ့ တော်လှန်ရေးအလုပ်တွေဖြစ်ပြီး ဘယ်လို လုပ်ရပ်မျိုးတွေကတော့ ပြည်သူလူထုအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကိစ္စရပ်မျိုးတွေဆိုတာကို ခွဲခြားသုံးသပ်ကြဖို့ လိုပါတယ်" ဟု ၎င်းကဆက်ပြောသည်။

ရှေ့ဆက်ရမည့် တော်လှန်ရေးခရီးတွင် အမှားအယွင်းနည်းနိုင်သမျှ နည်းအောင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ တော်လှန်ရေး ကာလအတွင်း ပြည်သူလူထု နားမျက်စိပွင့်ရေးမှာအရေးကြီး  ကြောင်း ယာယီသမ္မတက ပြောသည်။

" တိုင်းပြည်ခက်ခဲကြပ်တည်းနေတဲ့ ကာလအတွင်းမှာ လူထုကို မျက်စိပိတ် နားပိတ်ဖြစ်အောင် ကန့်သတ်တားဆီးတာတွေ ရှိနေလို့၊ ကျွန်တော်တို့အနေနဲ့ သမားရိုးကျနည်းလမ်းတွေကို ကျော်ပြီး လူထုကို ကူညီဖို့ တာဝန်ရှိပါတယ်" ဟု ၎င်းက ပြောသည်။

CDM လှုပ်ရှားမှုကိုလည်း အနှစ်သာရပြည့်ဝသည့် ရလဒ်များ ထွက်ရှိအောင် ဆောင်ရွက်ဖို့လိုပြီး CDM များ၏ လူ့စွမ်းအား အရင်းအမြစ် မပြုန်းတီးအောင် ဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ပြောသည်။

" နိုင်ငံရေးအတွေးအခေါ် ရှုထောင့်ကနေ ကြည့်ရင်လည်း CDM လှုပ်ရှားမှုဆိုတာဟာ လူထုကြားထဲမှာ လူထုနိုင်ငံရေးနည်းကို အကျယ်ပြန့်ဆုံး၊ အသိမ်မွေ့ဆုံးနည်းနဲ့ ဆွဲဆောင်စည်းရုံးရတဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်ပါတယ်။ ဒါကို သတိမူပြီးတော့ CDM  လှုပ်ရှားမှုမှာ အနှစ်အသားပြည့်ဝတဲ့ ရလဒ်တွေထွက်အောင် ဦးဆောင်လှုပ်ရှားကြဖို့ ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေး အတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM  လှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီးအောင် ဝိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်"  ဟု ၎င်းကပြောသည်။

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ဆိုသည်မှာ“ရုံးမတက်နဲ့ ရုန်းထွက်”ဆိုသည့် အနှစ်သာရထက် အများကြီး ပိုလွန်သည်ကို သတိထားမိရန် လိုကြောင်း၊ CDM လှုပ်ရှားမှုသည် လူထုတိုက်ပွဲကို ပုံသဏ္ဍာန် ဒီဇိုင်းပေါင်းစုံနှင့် အာဏာဖီဆန်တဲ့လှုပ်ရှားမှုဖြစ်သည်ဟု ယာယီသမ္မတက  ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly