ဟောင်ကောင် V-Power ကုမ္ပဏီက မြန်မာရှိ ဓာတ်အားပေးစီမံကိန်း ၄ ခုအား ရပ်နား

ဟောင်ကောင် V-Power ကုမ္ပဏီက မြန်မာရှိ ဓာတ်အားပေးစီမံကိန်း ၄ ခုအား ရပ်နား

ဟောင်ကောင်အခြေစိုက် V-Power ကုမ္ပဏီသည် အရှုံးပေါ်သဖြင့် မြန်မာနိုင်ငံရှိ ၎င်း၏ ဓာတ်ငွေ့ဓာတ်အားပေး စီမံကိန်း ငါးခုမှ လေးခုကို ရပ်ဆိုင်းထားပြီဖြစ်ကြောင်း ယခုသီတင်းပတ်တွင် ထုတ်ပြန်သည့် ၎င်း၏ ဘဏ္ဍာရေးအစီရင်ခံစာအရ သိရသည်။

ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော V-Power ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်အတွင်း စီးပွားရေး အခြေအနေ တည်ငြိမ်ပုံ ရှိခဲ့သော်လည်း နိုင်ငံတွင်း၌ နိုင်ငံခြားငွေကြေးလဲလှယ်မှု တစစ လျော့ပါးခြင်းကြောင့် နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၌ အခက်အခဲများ ရင်ဆိုင်နေရသည်။

စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်၍ အဆိုပါ စီမံကိန်းများကို ရပ်နားပြီး မြင်းခြံရှိ လျှပ်စစ်ဓာတ်အား ၁၀၉ ဒသမ ၇ မီဂါဝပ် ထုတ်လုပ်သော စီမံကိန်းတခုသာ ဆက်လက်လည်ပတ်နေကြောင်း ဘဏ္ဍာရေး အစီရင်ခံစာ၌ ဆိုထားသည်။

မြန်မာရှိ V-Power ၏ စီမံကိန်းများတွင် ကျောက်ဖြူ(၃)၊ သန်လျင်နှင့် သာကေတ စီမံကိန်းများကို ဇူလိုင်နှင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာတို့တွင် ရပ်နားခဲ့ခြင်း ဖြစ်သည်။

အလားတူ ရန်ကုန်တွင် LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၌ LNG ထောက်ပံ့ပေးနေပြီး ဓာတ်အား ၇၅၀ မီဂါဝပ် ထုတ်လုပ်ပေးနေသော CNTIC V-Power Energy သင်္ဘောလည်း ယခုနှစ် မတ်လကုန်၌ မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်။

၂၀၂၃ ဇွန် ၃၀ ရက် အဆုံးသတ်သော ခြောက်လတာအတွက် V-Power ကုမ္ပဏီ၏ IBO (ရင်းနှီးမြှုပ်နှံမှု၊ တည်ဆောက်မှုနှင့် လုပ်ငန်းလည်ပတ်မှု) လုပ်ငန်းများမှ ဝင်ငွေသည် ခန့်မှန်းခြေ ဟောင်ကောင်ဒေါ်လာ ၄၀၈ ဒသမ ၀ သန်းရှိရာ ၂၀၂၂ အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ဟောင်ကောင်ဒေါ်လာ ၄၅၈ ဒသမ ၃ သန်းခန့်မှ ကျဆင်းခြင်း ဖြစ်သကဲ့သို့ ရာနှုန်းအားဖြင့် ၅၂ ဒသမ ၉ ရာခိုင်နှုန်းခန့် ကျဆင်းခြင်း ဖြစ်သည်။ အဆိုပါ ဝင်ငွေ ကျဆင်းခြင်းသည် မြန်မာနိုင်ငံမှ စီမံကိန်းများမှ ခန့်မှန်း ဟောင်ကောင်ဒေါ်လာ ၁၄၁ ဒသမ ၄ သန်း ကျဆင်းခြင်းကြောင့် အဓိက ဖြစ်ရကြောင်း ဘဏ္ဍာရေးအစီရင်ခံစာ၌ ဆိုထားသည်။

မဝေးသော အနာဂတ်၌ V-Power အနေဖြင့် မြန်မာနိုင်ငံတွင် ယခင် လုပ်ငန်းများ၌ ရှိနေသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး ပစ်မှတ်ထားသွားမည်ဖြစ်ပြီး ပိုင်ဆိုင်မှုအာမခံ အက်ဆက်များ လျှော့ချခြင်း၊ စီမံကိန်း ပြန်လည်ရေးဆွဲခြင်း၊ ကုန်ကျစရိတ် ပို၍ ထိန်းချုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဟု ယင်း အစီရင်ခံစာ၌ ဆိုသည်။

V-Power ကုမ္ပဏီသည် ဥရောပ၊ တောင်အမေရိကနှင့် အာရှတို့တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသော ကုမ္ပဏီတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်ခြင်းဖြစ်ကာ ၂၀၂၁ စစ်အာဏာမသိမ်းခင် ၂၀၂၀ ၌ ရင်းနှီးမြှုပ်နှံမှုများမှ အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ဝင်ငွေ ရခဲ့သည်။

မြန်မာငွေကြေး ကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်းသည် မြင့်တက်လျက် ရှိပြီး နိုင်ငံတကာ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် စံချိန်တင် အမြင့်ဆုံး ရောက်နေသည်။

မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ ဝန်ကြီးဌာနများက ဆိုလာ၊ ရေအားနှင့် လေအားတို့ဖြင့် စွမ်းအင် ထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာကို ဖိတ်ခေါ်လျက် ရှိသည်။ အဆိုပါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများ၌ ဖိတ်ခေါ်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများက လာရောက် ရင်းနှီးမြှုပ်နှံလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly