ယခု ရက်ပိုင်းအတွင်းကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထားပြီး ဖြေရှင်း သွားမည်

By မဇ္ဈိမ 
04 September 2023
ယခု ရက်ပိုင်းအတွင်းကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထားပြီး ဖြေရှင်း သွားမည်

လာမယ့် ရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထားပြီး ဖြေရှင်း သွားမယ်လို့ အာဆီယံ ဥက္ကဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကပြောကြားလိုက်ပါတယ်။

 အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမှာ လာမယ့် စက်တင်ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ အာဆီယံထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး  အဲဒီအစည်း အဝေးမှာ  မြန်မာ့ နိုင်ငံရေး အငြင်းပွားမှု များအပြင် ဒေသအတွင်းတည်ငြိမ်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

မြန်မာအရေးကို  မကြာခင်မှာ ဖြေရှင်းနိုင်လိမ့်မယ်လို့   မျှော်လင့်ထားပြီး ဒါဟာ တကယ်တော့ မလွယ်ကူဘဲ အရမ်းရှုပ် ထွေးတဲ့အတွက် အချိန်ယူရတာဖြစ်တယ်လို့ဆိုပါတယ်။

 မြန်မာနိုင်ငံမှာရှိတဲ့  သက်ဆိုင်သူအားလုံးက ပြဿနာကိုဖြေရှင်းဖို့  ဆန္ဒရှိရင် တော့ ဖြစ်လာနိုင်ပြီး အဲဒီလိုမှ မဟုတ်ရင် တော်တော် ခက်လိမ့်မယ် လို့လည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားထားပါတယ်။

၄၃ ကြိမ်မြောက်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကိုတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဖောင်ဒေးရှင်းချနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ဖော်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရေးအခက်အခဲက တစ်နှစ်နီးပါးလောက်နဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်တာကြောင့် အနည်းဆုံးတော့ ၂၀၂၃ ခုနှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေ ဖြေရှင်းနိုင်အောင် ဖောင်ဒေးရှင်းတော့လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁)ရက်နေ့ကနေ (၃) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့အတွက် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက် နေတဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့ အာဆီယံလူထုဖိုရမ်က ကြေညာထားပါတယ်။ 

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုတွေကျူးလွန်မှုတွေအတွက် အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်တာဖြစ်ပြီး လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲတွေမှာ အနစ်နာခံ ပေးအပ်နေကြတဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးအနက်ဂုဏ်ပြုလိုတယ်လို့လည်း ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကန့်ကွက်မှုတွေကြောင့် စက်တင်ဘာလ(၁) ရက်နေ့ အထိ အမျိုးသမီး (၆၀၂) ဦးအသတ်ခံခဲ့ရပြီး အရပ်သား တက်ကြွလှုပ်ရှားသူ (၄၀၂၉) ဦး အသတ်ခံထားရတဲ့အတွက် အမျက်ကြီးစွာ ဖြစ်ရတယ်လို့ ဆိုထားကာ ပြင်းထန်တဲ့အသံတွေနဲ့ တုံ့ပြန်ဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ လက်ရှိမှာ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီအရေးတွေအပြင် စိန်ခေါ်မှု တွေများပြားတဲ့ အချိန်ကို ကြုံတွေ့နေရတဲ့အတွက် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှား၊လာအို၊မလေးရှား၊ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်း၊တီမောလက်စတီနဲ့ဗီယက်နမ်နိုင်ငံတို့က ပြည်သူ အားလုံးဟာ မြန်မာပြည်သူတွေနဲ့ အတူရှိတယ်လို့ အသိပေးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly