နမ့်ဖက်ကာတွင် စစ်တပ်လက်နက်ကြီးကြောင့် အသက်မပြည့်သေးသည့် မိန်းကလေးသေဆုံး၊၃ဦး ဒဏ်ရာရဟုဆို

By မောင်ခက်နွေ (မဇ္ဈိမ)
31 August 2023
နမ့်ဖက်ကာတွင် စစ်တပ်လက်နက်ကြီးကြောင့် အသက်မပြည့်သေးသည့် မိန်းကလေးသေဆုံး၊၃ဦး ဒဏ်ရာရဟုဆို
ပုံအညွှန်း - စစ်ကောင်စီလက်နက်ကြီးကြောင့် ဒဏ်ရာရသွားသူတဦး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊နမ့်ဖက်ကာတိုက်နယ်တွင် ယမန်နေ့ သြဂုတ်လ ၃၀ ရက် နံနက်က စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၅နှစ်အရွယ်အမျိုးသမီးငယ်တဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။

နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၂၃) က ယမန်နေ့ နံနက် ၉နာရီခန့်မှစတင်ကာ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ရာ နမ့်ဖက်ကာတိုက်နယ်၊ အမှတ်(၁)နှင့် အမှတ် (၂) ရပ်ကွက်၊ ဟိုပုံစုစည်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတဦးကပြောသည်

“ နှစ်ဖက်တိုက်ပွဲမဖြစ်သေးဘဲ လက်နက်ကြီးပဲထုနေတာ” ဟု ဒေသခံ တဦးက ပြောသည်။ 

ထိုပစ်ခတ်မှုကြောင့် ဟိုပုံစုစည်းရွာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးသေဆုံးပြီး ၁၃ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများသည် ကွတ်ခိုင်မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်၊ နမ့်ဖက်ကာတိုက်နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှစပြီး   စစ်ကောင်စီတပ်နှင့်  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

တအာင်းတပ်မတော်နှင့် စစ်ကောင်တပ်အကြား ယခု ဩဂုတ်လအတွင်းတိုက်ပွဲစုစုပေါင်း (၂၁)ကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက  ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly