နွေဦးအောင်လံဆုတောင်းပွဲ ဒုတိယအကြိမ် ကျင်းပမည်

By ဂန္ဒမာ (မဇ္ဈိမ)
29 August 2023
နွေဦးအောင်လံဆုတောင်းပွဲ ဒုတိယအကြိမ် ကျင်းပမည်

စစ်ကောင်စီတပ်က ဖမ်းဆီးအကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ဆန္ဒပြုကာ နွေဦးအောင်လံဆုတောင်းပွဲကို ဒုတိယအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက မဇ္ဈိမကို ပြောသည်။

"ဖမ်းဆီးခံထားရသူများ လွတ်မြောက်ဖို့အတွက် ဆုတောင်းမှုကို နိုင်ငံတကာက ပိုမို အာရုံစိုက်မိလာစေဖို့နဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအင်အားကိုလည်း ပြသချင်တာကြောင့် ဖြစ်တယ်၊ တကြိမ်ထက်တကြိမ် လူပိုသိပြီး ပိုမိုပါဝင်လာ နိုင်မှာဖြစ်လို့ တလတကြိမ်နှုန်းနဲ့  သုံးကြိမ် ကျင်းပဖို့ တိုင်ပင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။" ဟု ပစ်တိုင်းထောင်သပိတ်အင်အားစုမှ Casper က မဇ္ဈိမကို ပြောသည်။

ပထမအကြိမ် နွေဦးအောင်လံ ဆုတောင်းပွဲ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့ သည်။

ယခုကျင်းပမည့် ဒုတိယအကြိမ်‌မြောက် နွေဦးအောင်လံဆုတောင်းပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊ ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ ၊ တော်လှန်ရေးတပ်ဦးမှ ခေါင်းဆောင်များနှင့် ရန်ကုန်မြေပြင်သပိတ် အဖွဲ့အစည်းများ ပါဝင်မည်ဟု သိရသည်။

"ပြည်သူများအနေနဲ့  ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ဖို့အတွက် “နွေဦးအောင်လံ ဆုတောင်းပွဲ” ကို ပူးပေါင်းပေးပါ ၊ ဆုတောင်းပေးကြပါ၊ နိုင်ငံကို ကယ်တင်ဖို့အတွက် တော်လှန်ခြင်းမှတပါး အခြားမရှိတော့ပါ"ဟု ပွဲဖြစ်မြောက်ရေး ကော်မတီက ပြောသည်။

ဒုတိယအကြိမ် “နွေဦးအောင်လံဆုတောင်းပွဲ” အား ၂၀၂၃ ခု၊ ဩဂုတ် ၃၀ ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လ ၂၈ ရက်နေ့အထိ လူပေါင်း ၁၉,၉၅၀ ခန့် စစ်ကောင်စီ၏ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly