ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား ၄ ဦး ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု ကုလထံ တိုင်ကြားထားဟု NUG ထုတ်ပြန်

By ရောင်နီ (မဇ္စျိမ)
29 August 2023
ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား ၄ ဦး ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု ကုလထံ တိုင်ကြားထားဟု NUG ထုတ်ပြန်
ပုံအညွှန်း - ရန်ကုန်တွင် စစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ - အဟောင်း)

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင်  စစ်ကောင်စီတပ်က ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား လေးဦးအား ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုကို ကုလသမဂ္ဂ၏ လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ထံ ပေးပို့တိုင်ကြားထားကြောင်း NUG အစိုးရ၏ လူအခွင့်အရေး၀န်ကြီးဌာန (MOHR)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်၏ တပ်မ( ၃၃ )သည် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်ရှိ ကျီးကန်းတောင်ရွာနှင့် မြောက်ရွာသို့ ၀င်ရောက်လာခဲ့သည်။ 

ပုံအညွန်း - စစ်ကောင်စီတပ် ညှင်းပန်းသတ်ဖြတ်သွားသည့် ၀က်လက်မြို့နယ်ရှိ အရပ်သားဒေသခံများ။ (ပုံ - Wetlet Informational Network)

ထိုသို့ ၀င်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သည့်အပြင် ကိုယ်၀န်ဆောင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်(မုဒိမ်းကျင့်)ကာ လည်ပင်းလှီးသတ်ဖြတ်ခြင်း၊ စစ်ရှောင်ပြည်သူသုံးဦးကို လည်ပင်းလှီးသတ်ဖြတ်ခြင်း ပြုလုပ်ခဲ့ကြောင်း NUG လူအခွင့်အရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ပုံအညွန်း - စစ်ကောင်စီတပ် ညှင်းပန်းသတ်ဖြတ်သွားသည့် ၀က်လက်မြို့နယ်ရှိ အရပ်သားဒေသခံများ။ (ပုံ - Wetlet Informational Network)

အဆိုပါ ဖြစ်စဥ်မှ ရရှိလာသည့် အချက်အလက်များကို Independent Investigative Mechanism for Myanmar(IIMM)သို့ ပေးပို့ထားပြီး အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOHR က ဆိုသည်။ 

IIMM သည် မြန်မာနိုင်ငံတွင်  ၂၀၁၁ နောက်ပိုင်းဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်သည့် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား ဖြစ်သည်။

လက်ရှိအချိန်တွင် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှု ၆၇ ခုကို အချက်အလက်စုစည်းကာ မှတ်တမ်းတင်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly