မြန်မာရေတပ်ထံ ရောက်ရှိခဲ့သည့် ဆိုနာစနစ် တရားမဝင် ရောင်းချမှု၌ ပါဝင်ပတ်သက်ခဲ့ဟု စင်္ကာပူနိုင်ငံသား ၂ ဦး ဝန်ခံ

မြန်မာရေတပ်ထံ ရောက်ရှိခဲ့သည့် ဆိုနာစနစ် တရားမဝင် ရောင်းချမှု၌ ပါဝင်ပတ်သက်ခဲ့ဟု စင်္ကာပူနိုင်ငံသား ၂ ဦး ဝန်ခံ
Poiter Agus Kentjana (left) and Wui Ong Chuan on Friday pleaded guilty to one count of cheating and one charge under the Strategic Goods (Control) Act. ST PHOTOS: KELVIN CHNG

မြန်မာစစ်ကောင်စီရေတပ်၏ ဆန်းစစ်လေ့လာမှု စင်တာတခုထံ ရောက်ရှိ‌ခဲ့သည့် ဒေါ်လာ ၁ သန်းခွဲတန် ဆိုနာစနစ်တခု တရားမဝင် ရောင်းချမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်းနှင့် လက်နက်အပါအဝင် မဟာဗျူဟာ ကုန်ပစ္စည်းများ ရောင်းချမှုကို ထိန်းချုပ်သည့် ဥပဒေတရပ်ကို ချိုးဖောက်မိခဲ့ကြောင်း စင်္ကာပူနိုင်ငံသားနှစ်ဦးက ဩဂုတ် ၂၅ ရက်တွင် စင်္ကာပူတရားရုံး၌ ဝန်ခံခဲ့သည်။

စင်္ကာပူကုမ္ပဏီတခုဖြစ်သည့် Hydronav Services (S) မှ အသက် ၅၇ နှစ်ရှိ အရောင်းမန်နေဂျာ ပွိုင်တာ အောဂတ်စ် ကန်ဂျနာနှင့် ကုမ္ပဏီ၏ ဒါရိုက်တာတဦးဖြစ်သော ဝူအီ အောင်းချန်တို့က မဟာဗျူဟာ ကုန်ပစ္စည်းများ (ထိန်းချုပ်) အက်ဥပဒေအောက်ရှိ စွဲချက်တခုနှင့် လိမ်လည်လှည့်စားမှု စွဲချက်တခုတို့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြခြင်း ဖြစ်သည်။

ဝူအီ ကိုယ်စားပြုသော Hydronav ကုမ္ပဏီသည် အက်ဥပဒေအောက်၌ စွဲချက်နှစ်ခုတွင် အပြစ်ရှိကြောင်း လျှောက်လဲခဲ့သည်။ အသက် ၇၀ နှစ်ရှိ ဝူအီသည် ကုမ္ပဏီ၏ သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် တဦးတည်းသော ဒါရိုက်တာလည်း ဖြစ်သည်။

ထိုအမှုတွင် ပင်လယ်ကြမ်းပြင် ပုံထုတ်ခြင်းအတွက် multibeam echosounder စနစ်တခု ပါဝင်ပတ်သက်နေသည်။

ယင်းကို မြန်မာလုပ်ငန်းတခုဖြစ်သည့် Light of Universe ထံ အမေရိကန်ဒေါ်လာ ၁,၅၈၀,၀၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ ယင်းကို အမှန်တကယ် လက်တွေ့အသုံးပြုမည့်သူက မြန်မာ့ရေပြင်တွင် ဟိုက်ဒရိုဂရပ်ဖစ် ဆန်းစစ်လေ့လာမှု လုပ်ငန်းများ လုပ်ဆောင်သည့် ရေတပ် ဟိုက်ဒရိုဂရပ်ဖစ် စင်တာ ဖြစ်သည်။

ယင်း ဆိုနာစနစ်ကို စစ်ဘက်ရော၊ အရပ်ဘက်ရောပါ အသုံးပြုမှုအတွက်ဟု အတန်းအစား သတ်မှတ်ထားသည် ဆိုသော်လည်း မြန်မာတွင် ယင်းကို စစ်ဘက် ရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့သည့် သက်သေအထောက်အထား မရှိဟု တရားလိုဘက်က ပြောသည်။ ယခုကိစ္စတွင် တာဝန်ရှိသူများဘက်မှ ဒဏ်ငွေများ ပေးဆောင်ရစေရေး ကြိုးပမ်းလျက် ရှိကြောင်း ၎င်းတို့က ပြောသည်။

အဆိုပါကိစ္စတွင် ဆိုနာစနစ်ကို အမှန်တကယ် အသုံးပြုမည့်သူက PT Bina Nusantara Perkasa အမည်ရှိ အင်ဒိုနီးရှားကုမ္ပဏီတခု ဖြစ်သည်ဆိုပြီး ယင်းစနစ်ကို ရောင်းချပေးသည့် နော်ဝေကုမ္ပဏီ Kongsberg Maritime ကို အယုံသွင်းလှည့်စားရာတွင် ပွိုင်တာနှင့် ဝူအီတို့ ပါဝင်ပတ်သက်ခဲ့ကြကြောင်းလက်ထောက် အစိုးရရှေ့နေ မက်ဂ်ဒဲလ်လင်း ဟွမ်က ပြောသည်။

ပွိုင်တာသည် ထို ဆိုနာစနစ် ရောင်းချမှုကို အတည်ပြုပေးစေရေးအတွက် နော်ဝေ အာဏာပိုင်တို့ကို လှည့်ဖျားရန် အင်ဒိုနီးရှားကုမ္ပဏီကို တကယ်အသုံးပြုမည့်သူအဖြစ် လိမ်လည် စာရင်းသွင်းသည့် အစီအစဉ်တခုကို အကွက်ချလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုမတိုင်မီ အစောပိုင်းက မြန်မာရေတပ် ဟိုက်ဒရိုဂရပ်ဖစ် စင်တာက တကယ်အသုံးပြုမည့်သူအဖြစ် စာရင်းသွင်းသည့် ယခင် လျှောက်ထားမှုနှစ်ခုကို နော်ဝေ အာဏာပိုင်တို့က ပယ်ချခဲ့သည်။

လိမ်လည် ဖော်ပြချက်ကို လက်ခံရရှိပြီးနောက် နော်ဝေအာဏာပိုင်တို့သည် PT Bina Nusantara Perkasa ထံ ဆိုနာစနစ် ရောင်းချမှုကို အတည်ပြုပေးခဲ့ပြီး ယင်းနောက် ဆိုနာစနစ်ကို ၂၀၁၈ ဇူလိုင် ၁၇ တွင် နော်ဝေမှ စင်္ကာပူသို့ တင်ပို့ခဲ့သည်။ ယင်းကို ၂၀၁၈ ဇူလိုင် ၂၀ ရက်တွင် သက်ဆိုင်သည့် ခွင့်ပြုချက်မရှိဘဲ မြန်မာသို့ တင်ပို့ရောင်းချခဲ့သည်။

Hydronav ကုမ္ပဏီသည် ခွင့်ပြုချက်မရှိဘဲ စင်္ကာပူမှ မြန်မာသို့ ဆိုနာစနစ် တင်ပို့ရောင်းချခဲ့သည် ဆိုပြီး တိုင်တန်းချက်တခုကို စင်္ကာပူ အကောက်ခွန် တာဝန်ရှိသူများ ရရှိပြီးနောက် အာဏာပိုင်တို့ထံ အသိပေးတင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စုံစမ်းစစ်ဆေးမှုတရပ်ကို လုပ်ဆောင်ပြီး အာဏာပိုင်တို့က ၂၀၂၀ အောက်တိုဘာ ၁၅ ရက်တွင် Hydronav ၏ ရုံးကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့သည်။

Two Singaporeans admit role in illegal $2 million sale of sonar which ended up with Myanmar Navy
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required