ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင်တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ် မတ်လဆန်းပိုင်းမှ ဩဂုတ် လလယ်အထိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၂၀,၀၀၀ နီးပါးရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်သည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်အင်အားတိုးမြှင့်ချထားမှုကြောင့် ရွှေကူမြို့ နယ်အတွင်း အိမ်ထောင်စု ၂၀၀ မှ လူဦးရေ ၁,၁၀၀ ကျော်သည် ဩဂုတ်လအတွင်း ထပ်မံနေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ရိက္ခာများတင်ဆောင်လာသည့် သင်္ဘောကိုးစီးသည် ဇူလိုင်လ၂၆ ရက်နေ့တွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ပြီး ရွှေကူမြို့နယ် ဆိပ်ကမ်းသို့ ဩဂုတ်လ ၇ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
ထိုသင်္ဘောများသည် ရွှေကူမြို့နယ်ဆိပ်ကမ်းတွင် ၁၀ ရက်နီးပါးရပ်နားခဲ့ပြီး ဩဂုတ်လ ၁၆ ရက်တွင် ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်ခဲ့သည်။
အဆိုပါ သင်္ဘောများ ရပ်နားထားစဉ်ရက်များအတွင်း ရွှေကူမြို့နယ် တဖက်ကမ်းရှိ ရေလဲ၊ မိုးစစ်၊ ဆင်တပ်၊ သင်္ဘောအင်းကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၁,၀၀၀ ကျော် ယခုချိန်ထိ တိမ်းရှောင်နေရကြောင်း သိရသည်။
“ရွှေကူမြို့ဘက်ခြမ်းမှာ အထိုင်ချထားတဲ့တပ်တွေကလည်း ညဘက်တွေမှာ လက်နက်ကြီးတွေနဲ့ လှမ်းပစ် တယ်။ စစ်ကြောင်းတွေက ခုချိန်ထိ မကြာခဏဝင်ထွက်သွားလာနေတာကြောင့် ရွာခံတွေမပြန်ရဲကြဘူး။ ဘေးလွတ်ကင်းရာနေရာတွေမှာ အဆင်ပြေသလို နေထိုင်နေကြရတယ်” ဟု ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီ၏ ရိက္ခာတင် သင်္ဘောများသည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဗန်းမော်မြို့သို့ ဆန်တက်လာစဉ် ဧရာ၀တီ ဒုတိယမြစ်ကျဉ်းအနီးတွင် ကာကွယ်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် သုံးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး သင်္ဘောနှစ်စီးခါးလည်တွင် ကျည်ထိမှန်ကာ စင်းခန်းကျေးရွာ ဆိပ်ကမ်းတွင် ရပ်နားခဲ့သည်။
ထိုသင်္ဘောများအား လုံခြုံရေးယူပေးနေသည့် မြေပြင်စစ်ကြောင်းများနှင့် KIA / PDF ပူးပေါင်းတပ်များ အကြား ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရွှေကူမြို့နယ် ၊ ဇင်းဘုံကျေးရွာတဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ဇင်းဘုံကျေးရွာရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများ ကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ ယခုချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခ များနှင့် မလုံခြုံမှုများကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေးကြရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ပွဲများကြောင့် တိမ်းရှောင်နေရသူ ဆက်လက် မြင့်တက်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ