အွန်လိုင်းလိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၂ ဦးကို မြန်မာဘက်မှ တရုတ်သို့ လွှဲအပ်

အွန်လိုင်းလိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၂ ဦးကို မြန်မာဘက်မှ တရုတ်သို့ လွှဲအပ်
Photo: GNLM

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် အမျိုးသားနှစ်ဦးကို မြန်မာစစ်ကောင်စီတာဝန်ရှိသူတို့က တရုတ်အာဏာပိုင်တို့ထံ လွှဲပြောင်းပေးခဲ့ကြောင်း စစ်အုပ်စုထိန်းချုပ်သည့် မီဒီယာက ဩဂုတ် ၂၄ ရက်တွင် ဖော်ပြသည်။

ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့များသည် တရုတ်နှင့် အခြားနိုင်ငံများမှ နိုင်ငံသားများကို သွေးဆောင် သို့မဟုတ် ပြန်ပေးဆွဲပြီး ထိုသူတို့ကို မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်း နယ်စပ်များတလျောက်ရှိ ဥပဒေမဲ့ နယ်မြေများသို့ ပို့ဆောင်ကာ အွန်လိုင်းမှတဆင့် လိမ်လည်ရိုက်စားလုပ်မှုများတွင် အတင်းအကျပ် ခိုင်းစေလျက် ရှိကြောင်း စွပ်စွဲခံထားရသည်။

ရိုက်စားသမားများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ တနိုင်ငံသားချင်း ဖြစ်သူများကို ပစ်မှတ်ထားကာ သီတင်းပတ်များကြာ လက်သပ်မွေးပြီးမှ အတုအယောင် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများနှင့် အခြားသော လှည့်ကွက်များ၌ ငွေများ ထည့်ဝင်လာစေရန် မြှောက်ပင့်ချော့မော့ နားချလျက် လိမ်လည်မှု ကျူးလွန်ကြခြင်းဖြစ်သည်။

ယခု သံသယရှိသူ နှစ်ဦးကို ဩဂုတ် ၂၃ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်အာဏာပိုင်တို့ထံ လွှဲပြောင်းခဲ့သည်ဟု စစ်အုပ်စု ထိန်းချုပ်သည့် ဂလိုဘယ် နယူးလိုက် အော့ဖ် မြန်မာ သတင်းစာတွင် ဖော်ပြသည်။

ထိုသူနှစ်ဦးအနက် တဦးသည် တယ်လီကွန်း လိမ်လည်မှုလောကတွင် အဓိက အခရာကျသူ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လတွင် အွန်လိုင်း လိမ်လည်မှု ကိစ္စများတွင် ပါဝင်ပတ်သက်မှုဖြင့် သံသယရှိသူ အခြား ခြောက်ဦးကိုလည်း မြန်မာဘက်မှ တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုသတင်းစာအရ သိရသည်။

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဥပဒေမဲ့ နယ်စပ်ဧရိယာများရှိ လိမ်လည်မှု ကျူးလွန်ရာ အချက်အချာနေရာများကို အမြစ်ဖြတ်ရှင်းလင်းရန် တရုတ်က ဇူလိုင်လတွင် မြန်မာစစ်အုပ်စုကို ပြောကြားပြီးနောက် ယခု ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံတကာအလယ် သီးခြားအထီးကျန်နေသည့် မြန်မာစစ်အုပ်စုအတွက် အဓိက လက်နက်ထောက်ပံ့သည့် မဟာမိတ်ဖြစ်သည့် တရုတ်အတွက် ထိုအွန်လိုင်းလိမ်လည်မှုများက ဒေါသထွက်စရာ ဖြစ်နေသည်။

လိမ်လည်မှု၏ သားကောင်ဖြစ်ခဲ့သူများသည် လစာကောင်းသည့် အလုပ်အကိုင်များ ရမည် ဆိုသည့် အလိမ်အညာ မက်လုံးပေး ဆွဲဆောင်ခြင်းကို ခံရပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုသို့ သွားရောက်မှုများ ရှိခဲ့ပြီး ယင်းနောက် ၎င်းတို့သည် ထိန်းသိမ်းခံရကာ အွန်လိုင်းမှတဆင့် ၎င်းတို့နှင့် တနိုင်ငံသားချင်းများကို လိမ်လည်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်ဟု သိရသည်။

တရုတ်၊ မြန်မာ၊ ထိုင်းနှင့် လာအိုတို့မှ အာဏာပိုင်များသည် အွန်လိုင်း လိမ်လည်သူများကို ပစ်မှတ်ထားသည့် အထူး စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ထားကြောင်း ဂလိုဘယ် နယူးလိုက် အော့ဖ် မြန်မာ သတင်းစာက ပြောသော်လည်း ထိုစစ်ဆင်ရေးကြောင့် မကြာသေးခင်က ဖမ်းဆီးမှုများကို ဖြစ်စေခဲ့သလား ဆိုသည်ကို အတိအကျ ဖော်ပြခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly