အရာတော်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီတပ် ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

By မောင်ခက်နွေ(မဇ္ဈိမ)
24 August 2023
အရာတော်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီတပ် ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်
- Danger Force LPDF

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင်ရှိသည့် စ.ခ.တ (၁၀) တပ်ကိုလာသည့် စစ်ကောင်စီတပ်၏ ၁၂ ဘီးကား သုံးစီးကို သြဂုတ်လ ၂၀ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု  Danger Force LPDF က ယမန်နေ့က ထုတ်ပြန်သည်။ 

ဩဂုတ်လ ၂၀ ရက် ညနေ ၄ နာရီ ၄၂ မိနစ်ခန့်က မုံရွာ - အရာတော် လမ်းပိုင်း၌ ကင်းပုန်းဝပ်ပြီး အရာတော် စ.ခ.တ အမှတ် (၁၀)တပ်သို့ ပြန်လာသည့်  စစ်တပ်၏ ရိက္ခာတင်ဆောင်ထားသည့်  ၁၂ ဘီး ကား သုံးစီးကို ပင်လုံဆီဆိုင်အနီးအရောက်တွင် ပဒေသာမိုင်း ကိုးလုံးအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  Danger Force LPDF ရဲ့ တာဝန်ရှိသူတဦးဖြစ်သည့် ရဲဘော်မောင်းလေးက မဇ္ဈိမကို ဆိုသည်။ 

"စ.ခ.တ (၁၀)တပ်က အရာတော်မြို့ရဲ့ အရှေ့ဘက်မှာတည်ရှိတာ၊    တိုက်ပွဲက ၁၀ မိနစ်ပဲကြာတယ်။ အရာတော်မြို့ရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့  စ.ခ.တ (၁၀)တပ်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်တွေ”ဟု ရဲဘော်မောင်းလေးက ပြောသည်။ 

ထိုတိုက်ခိုက်မှုတွင် တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ် အပါဝင် တပ်သား ၁၇ ဦးသေဆုံးပြီး အရာရှိဗိုလ်တဦး အရာတော်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည်ဟု ဆက်လက်ရှင်းပြသည်။ 

“ သြဂုတ်လ ၂၁ ရက်နဲ့ ၂၂ ရက် နေ့မှာ  သေဆုံးသွားတဲ့ တပ်ကြပ်ကြီး ၊ ဒုတပ်ကြပ် အပါဝင် တပ်သား ၁၇ ဦးကို အရာတော်သုသာန်မှာ သေနတ်ဖောက်ပြီး  မီးသင်္ဂြိုဟ်ခဲ့တယ်။ အဲ့တာကို တပ်တွင်းဖရဲသီးတဦးနဲ့အရာတော်မြို့ခံတွေဆီက သတင်းပြန်ရတယ်”ဟု သူက ဆိုသည်။

တိုက်ခိုက်မှုကို Danger Force LPDF ၊ Ayadaw Rocket တပ်ဖွဲ့နှင့် လင်းယုန် တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် လည်း တော်လှန်ရေးရဲဘော်တွေအနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်ဟု ဆိုသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly