နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ခုခံတော်လှန်စစ်အောင်ပွဲသည် စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်တွင် အများကြီး မူတည် နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဩဂုတ် ၂၂ ရက်က ပြုလုပ်သည့် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ 

  • စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲများ၌ ထိခိုက်သေဆုံးမှုများပြားနေရုံသာမက ထွက်ပြေးမှုများ လည်းရှိရာ ပြီးခဲ့သည့် ၅လအတွင်း ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား ၅၀၀ ဦးကျော် စစ်ကောင်စီကို စွန့်ခွာထွက်ပြေးလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့က ကျင်းပသော အစိုးရအဖွဲ့အစည်း အဝေး၌ ပြောကြားသည်။ 

  • UN အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို မြန်မာ ပြည်အနှံ့ လိုအပ်နေသည့် ဒေသများက မြန်မာပြည်သူလူထုထံကို ထိရောက်စွာ ပေးပို့နိုင်ရေး အတွက် စစ်ကောင်စီနှင့်သာ ဆက်ဆံမှုပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ မြေပြင်ရှိ အရပ်ဘက် လူ့အဖွဲ့ အစည်း များ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များ အားလုံး နှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံ သည့် တန်းတူညီမျှမှုရှိသော ဆက်ဆံရေးကို ကျင့်သုံးသွားရန် လိုအပ်ကြောင်း NUG နိုင်ငံရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

  • ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ နှင့် တပ်ဖွဲ့စည်းပုံ အတည်ပြုထုတ်ပြန်ကြေညာ နိုင်ခဲ့မှု အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့က ဂုဏ်ယူဝမ်းမြောက်ကြောင်း ဩဂုတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးရှိ PDF တပ်ရင်းများ ထံသို့ Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ဝေတိုက်ပွဲဝင်နေပြီဖြစ်ကြောင်း ယနေ့ တရားဝင် သတင်း ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အမျိုးသား ညီညွတ် ရေးအစိုးရ ၊ လူသားချင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထောက်ပံ့လျှက်ရှိရာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလကနေ ယနေ့အထိ ကျပ်သိန်း ပေါင်း ၂၀၀ ကျော်အထိ ထောက်ပံ့ထားသည်ဟု ထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းက ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၂ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲကို ဩဂုတ် ၂၂ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။ 

  • ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အုတ်ဖြတ်တံတား စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၂၀ ရက်၊ နံနက်ပိုင်းက စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအတွင်းကို လက်နက်ကြီးများ နှင့် အကြောင်းမဲ့ ပစ်ခတ်နေသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး မဟာမိတ်အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်က သြဂုတ် ၂၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ 

  • ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဩဂုတ်လ၂၂ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ပဲနွယ်ကုန်း နှင့် တောကျွဲအင်းအကြားရှိ ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင်(၁၁၇/၈) နှင့် (၁၁၇/၉)အကြား လမ်းပိုင်းကို မိုင်းခွဲခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် (၂) စစ်ဒေသခွဲထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အကြမ်းဖက်စစ်တပ် လက်ပါးစေ ညောင်ပင်ဝန်းရဲစခန်းရှေ့ မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် ပြည်သူများထံကနေ အတင်းအဓမ္မ ငွေတောင်းနေသည့် အကြမ်းဖက် ရဲများကို ဩဂုတ် ၂၂ ရက်၊ နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးခဲ့သည်ဟု စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ် ၂၃ ရက်တွင် ဝမ်ပေါင်-ယန်စီ ကုမ္ပဏီ အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရ သည်။ 

  • စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး တော်လှန်ရေး ၅ ဦးကျဆုံးကာ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း၊ လက်ရှိတွင် ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင် နေရကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်း ရင်းမြစ်ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း  ဩဂုတ် ၂၂ ရက်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးလာသည့်အတွက် ဒေသခံ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင် အဘိုးအိုတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့ရ​ကြောင်း ​ဒေသခံပြည်သူများက ​ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါ လာသော  ၁၂ ဘီးကား ၃ စီးကို ဩဂုတ် ၂၀ ရက်၊ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၇ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကံ(ပျူ)ရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် လိုက်ထရပ်ကားတစ်စီးကို ဩဂုတ် ၂၂ ရက်၊ ညနေပိုင်းက မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း MGN 35 မှ တပ်ခွဲမှူး ကိုနွေမိုက်က ပြောသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်မှ ပခုက္ကူမြို့နယ်သို့ ထွက်ခွာသော စစ်ယာဉ်တန်းကို ဩဂုတ် ၂၁ ရက်က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြည်သူပိုင်လမ်းပေါ် စစ်ဆေးရေးလုပ်နေသည့် ရဲတပ်ဖွဲ့ကို ဩဂုတ် ၂၂ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးပြီး သေနတ်တစ်လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း Anonymous Special Task Force-  ASTF (Pauk) အဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ နတ်မောက်မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၂၂ ရက်၊ ညနေပိုင်းက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင်အားစု OPRF - PLA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဩဂုတ် ၂၁ ရက်၊ ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့သည်ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ မင်းလှမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ မြို့ပေါ်သို့ ရောက်ရှိ နေပြီဆိုသည့် သတင်းကြောင့် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံများက ပြောသည်။ 

  • ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရေပြာရွာ နှင့် သနပ်ကွင်းရွာကို အကြမ်းဖက်စစ်တပ်က ဩဂုတ် ၂၃ ရက်၊ နံနက်ပိုင်းက ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူများကို ရွာအတွင်းမှ နှင်ထုတ် ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်ကာ သြဂုတ် ၂၂ ရက်တွင် စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားဗျူဟာကုန်းတွင် ဩဂုတ် ၂၂ ရက်က အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ ထံက သိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၅)ရပ်ကွက်က ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်း အနီးမှာ ကင်းပုန်းဝတ် နေရာယူထားသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အမတ ၃၁၀ နှင့် တပ်မ ၇၇ ပူးပေါင်းအဖွဲ့ကို တော်လှန်ရေးပူး ပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစုက ယနေ့ ထုတ်ပြန်ထားသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို ဩဂုတ် ၂၂ ရက်၊ နံနက်ပိုင်း က စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ 

  • ပြည်သူများအနေဖြင့် မည်သည့်အဖွဲ့က အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည်ဆိုသည်ကို ပိုမို သိရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦး သတင်းဌာနတွင် ဖော်ပြ ထား သည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီက တပ်ရင်း ၁၁ ရင်းအထိ အသုံးပြု ထိုးစစ်ဆင်လျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၆) စစ်ရေးချုပ် ခူးရီးဒူက ပြောသည်။ 

စစ်ကောင်စီ 

  • ပြည်လုံးကျွတ်လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူသွားမည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဩဂုတ် ၂၂ ရက်က ပြုလုပ်သည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောသည်။ 

  • နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် စဉ်ဆက်မပြတ် ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဇော်မင်ထွန်းက နေပြည်တော်တွင် ဩဂုတ် ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • အကြမ်းဖက်မင်းအောင်လှိုင်က အာဏာစတင်သိမ်းချိန်တွင် ပုဂ္ဂလိကဘဏ်များ မပြိုလဲစေရေး အတွက် ကူညီခဲ့သော်လည်း လက်ရှိအချိန်တွင် ဘဏ်များသည် သစ္စာမရှိကြောင်း၊ စီးပွားရေး သမားများသည် ဝိသမလောဘသားများ ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ယမန်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ 

  • အကြမ်းဖက် စစ်ကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားရန်မရှိဘဲ တွေ့ဆုံ ဆွေးနွေးလိုပါက အကြမ်းဖက်ဟု ကြေညာခံထားရသူများက အကြမ်းဖက်လုပ်ရပ်များ စွန့်လွှတ် ပါမည်ဟု ဝန်ခံကြေညာမှသာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက  ဩဂုတ်၂၂ ရက်က နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် ဖိတ်ခေါ်နေမှုသည် အတိုင်းအတာတစ်ခုအထိသာ ရှိမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက‌ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • ပြည်တွင်း၌ မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကိုသာ တင်သွင်းရန် စိစစ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ရင်းနှီးမြုပ်နှံမှု နှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ဩဂုတ် ၂၂ ရက်က ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ 

  • အကြမ်းဖက် စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် MICB မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးဘဏ်တို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေး ယူလိုက်မှုသည် ထိခိုက်မှုများစွာ ကြုံတွေ့နေရကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယမန်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ခံပြောဆိုလိုက်သည်။ 

  • မြန်မာနိုင်ငံတွင် ဆန်လက်ကျန် တန်ချိန် ၃ ဒသမ ၅ သန်းကျော် ရှိသည့်အတွက် လာမည့် နိုဝင်ဘာလအထိ ဆန်ဖူလုံမှု ရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ဩဂုတ် ၂၂ ရက်က ကျင်းပ ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည့် လက်ခတ် တောင်ကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး သက်မင်းသူ သေဆုံးခဲ့ကြောင်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။ 

  • မြန်မာနိုင်ငံတွင်နေထိုင်ပြီး ဆက်သွယ်ရေး နည်းပညာအသုံးပြုကာ ငွေကြေးလိမ်လည်မှု ကျူးလွန်သည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ 

  • ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က စတင်ပြီး ရောင်းချပေးသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

ဩဂုတ် ၂၃ ရက် သုံးသပ်ချက် 

  • အမေရိကန်၏ ပိတ်ဆို့မှုသည် မထိခိုက်နိုင်ကြောင်း အစောပိုင်းကာလက စစ်ကောင်စီမှ လေလုံးထွားထားသော်လည်း တကယ်အရေးယူမှုများလည်းရှိလာသည့်အခါ ထိခိုက်မှုများစွာ ကြုံနေရသည်ဟု စစ်ကောင်စီက ဝန်ခံပြောဆိုနေရသည်။ 

  • ပဲခူးအရှေ့ခြမ်းမြို့နယ်များတွင် စစ်ရေးအရှိန်မြှင့်နေသလို အကြမ်းဖက်စစ်ကောင်စီမှ ၎င်းတို့၏ အကျင့်တိုင်း ခံရပြီဆိုလျှင် ရွာများကိုမီးရှို့ ပြည်သူကို သတ်ဖြတ်မှုများလုပ်လာနေ သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများလို မဖြစ်အောင် ပြည်သူများအနေဖြင့်  ကြိုတင်ပြင်ဆင်ထားသင့်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly