သဘာဝပတ်ဝန်းကျင်၊ လူသားမျိုးဆက်တွေနဲ့ အလင်းညစ်ညမ်းမှု

သဘာဝပတ်ဝန်းကျင်၊ လူသားမျိုးဆက်တွေနဲ့ အလင်းညစ်ညမ်းမှု

လနဲ့ကြယ်လို သဘာဝအလင်းပေးမှုတွေကနေ ဆီမီးခွက်၊ ဖယောင်းတိုင်၊ လျှပ်စစ်မီးနဲ့ LED အထိ ခေတ်အဆက်ဆက် လူတွေက အလင်းကို အသုံးပြုလာကြပါတယ်။ ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အလင်း ရရှိမှုဟာလည်း တဖြည်းဖြည်း မြို့ပြနေရာလပ်မကျန် ထိန်ထိန်လင်းလာခဲ့ပြီး အလင်းတုတွေရဲ့အပြုသဘော မ ဆောင်တဲ့ အခြေအနေတွေကိုရင်ဆိုင်လာရပါတယ်။  အလင်းအတုတွေရဲ့အကျိုးသက်ရောက်မှုတွေကို နက္ခတ္တဗေဒ ပညာရှင်တွေက ၁၉၇၀  မှာ အလင်းညစ်ညမ်းမှုပြဿနာအနေနဲ့ ပထမဆုံးအသိအမှတ်ပြုခဲ့ပါတယ်။ အလင်းညစ်ညမ်းမှုဆိုတာ လူတွေဖန်တီးထားတဲ့ အလင်းရောင်တု (Artificial light) ကို အလွန်အကျွံအသုံးပြုတဲ့ နေရာကနေ ထွက်ပေါ်လာပြီး သဘာဝစနစ်ထဲကရှိပြီးသား အလင်းနဲ့အမှောင်တွေရဲ့သဘာဝပုံစံတွေကိုပြောင်းလဲစေတာတွေကို ရည်ညွှန်းပါတယ်။ အလင်းညစ်ညမ်းမှုအမျိုးအစားတွေက စူးရှတောက်ပတဲ့အလင်းများ (Glare) ၊ အလင်း ရှုပ်ပွခြင်း (Clutter) ၊ မလိုအပ်တဲ့အလင်းရောင်များ ကျူးကျော်ခြင်း (Light trespass) နဲ့   (Skyglow) တို့ဖြစ်ပါတယ် (Nordling, 2023)။ အလင်းညစ်ညမ်းခြင်းရတဲ့ အကြောင်းရင်းတွေထဲမှာ ညံ့ဖျင်းတဲ့မြို့ပြစီမံကိန်းတွေ၊ လူဦးထူထပ်မှုတွေ၊ အလင်းကိုအလွန်အကျွံအသုံးပြုမှုတွေ၊ အလင်းရောင်ပြန်ဟပ်တက်တဲ့ မီးခိုးမြူနဲ့တိမ်တွေ၊ ကားနဲ့ တခြား မော်တော်ယာဉ်တွေကနေထွက်လာတဲ့ မီး၊ လမ်းမီး၊ အိမ်တွေကနေ ထွက်လာတဲ့အလင်းရောင်တွေနဲ့ငါးဖမ်းလှေတွေက အလင်း၊ လုံခြုံရေးမီးတွေ၊ ရေနံလုပ်ငန်းတွေကနေ ထွက်တဲ့ မီးရောင်တွေနဲ့ မြို့ဧရိယာတွေကအလင်းရောင်တွေပါဝင်ပါတယ် (Rinkesh, n.d.)။ ဒီလိုအမျိုးအစားစုံလင်လှပြီး တနေ့ထက်တနေ့ သဘာဝအမှောင်အရပ်တွေ ပျောက်ကင်းပြီးအရိပ်မဲ့တဲ့အထိ အလင်းတွေကို တပ်ဆင်အသုံးပြုလာကြတာကြောင့် သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များ၊ ဂေဟစနစ်နဲ့လူသားတွေရဲ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေက တိုးလာပါတယ်။ အလင်းညစ်ညမ်းမှုတွေက သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များ၊ ဂေဟစနစ်နဲ့ လူသားတွေရဲ့ကျန်းမာရေး ကိုဘယ်လို ထိခိုက်စေတာလဲ။ 
အလင်းညစ်ညမ်းမှုက ညရဲ့သဘာဝ၊ အာကာသရဲ့အလှတွေကိုဆုံးရှုံးစေနိုင်သလို ဂေဟစနစ်၊ အပင်၊ တိရစ္ဆာန်များနဲ့ လူသားတွေရဲ့ကျန်းမာရေးကိုပါ ခြိမ်းခြောက်ပါတယ်။ ပိုလျှံလုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိမှု အားကောင်းတဲ့ နိုင်ငံတိုင်းနဲ့မြို့ပြတွေက အလင်းပိုလျှံစွာရရှိမှု၊ အလင်းထိန်းချုပ်မှု အားနည်းခြင်းတွေက တစတစ သဘာဝပတ်ဝန်းကျင်ကို ဆုံးရှုံးမှုတွေကြုံလာစေပါတယ်။ 

ညရဲ့သဘာဝ၊ အာကာသရဲ့ အလှတွေကိုဆုံးရှုံးခြင်း

တယ်လီစကုပ်ထုတ်လုပ်သူ Celestron က အလင်းညစ်ညမ်းမှုက သဘာဝကောင်းကင်မြင်ကွင်းကို ဖုံးလွှမ်းသွားစေကြောင်း ပြောကြားခဲ့သလို National Geographic Society ကလည်း အလင်းညစ်ညမ်းခြင်းကိုဖြစ်စေတဲ့ အတုအယောင် အလင်းကို အလွန်အကျွံအသုံးပြုတာက ကြယ်တွေနဲ့ တခြားကောင်းကင်က အရာဝတ္ထုတွေကို ကြည့်နိုင်ခွင့် ထိခိုက်စေကြောင်းဖော်ပြထားပါတယ်။ Jason Pun Chun-shing ကလည်း ဟောင်ကောင် ကောင်းကင်က ကြယ်တွေကိုမြင်တွေ့နိုင်မယ့်နေရာတွေကို အလင်းညစ်ညမ်းမှုက ပျက်စီးစေကြောင်းပြောခဲ့ပါတယ်။ ဟောင်ကောင်အပြင် စင်ကာပူလိုနိုင်ငံကလည်း ကမ္ဘာပေါ်မှာ အလင်းညစ်ညမ်းမှုအဆိုးရွားဆုံး အဆင့်မှာသတ်မှတ်ခံရပြီး တဦးချင်းအလင်းရောင်အတုတွေကိုလည်း အလွန်အကျွံအသုံးပြုနေသလို စင်္ကာပူနိုင်ငံက 
ကလေးတွေကလည်း အလင်းညစ်ညမ်းမှုကြောင့် နဂါးငွေ့တန်းအလှကို ခံစားခွင့်နိုင်ခွင့်ဆုံးရှုံးနေပါတယ် (Robert, 2016)။ 

ဂေဟစနစ်၊ အပင်နဲ့တိရစ္ဆာန်များ ခြိမ်းခြောက်ခံရခြင်း

အလင်းညစ်ညမ်းမှုက ဂေဟစနစ်၊ အပင်နဲ့တိရစ္ဆာန်တွေကို ကမောက်ကမ ဖြစ်စေပါသေးတယ်။ Joshua Filmer  ရဲ့ ဖော်ပြချက်အရ “အလင်းနဲ့အမှောင်စက်ဝန်းက အပင်နဲ့တိရစ္ဆာန်တွေရဲ့အပြုအမူတွေနဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်။  အလင်းညစ်ညမ်းမှုက တိရစ္ဆာန်တွေရဲ့မိတ်လိုက်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ အိပ်စက်ခြင်းနဲ့ အမဲလိုက်ခြင်းတွေမှာ အပျက်သဘောတွေကိုဖြစ်စေပါတယ်။ တချို့သော လင်းနို့၊ ရက်ကွန်း၊ ကော့တေး၊ သမင်နဲ့ မျောက်တွေက သဘာဝ အမှောင်ကို လိုအပ်ကြပါတယ်။ Dung Beetles တွေက ကြယ်တွေကိုကြည့်ပြီး သွားလာလေ့ရှိသလို ငှက်မျိုးစိတ်တွေလည်းအမှောင်နဲ့ ကြယ်တွေကို အားကိုးပြီးရွှေ့ပြောင်းကြပါတယ်။ ဒီလိုအလင်းတုတွေရဲ့သဘာဝကို ခြိမ်းခြောက်မှုကြောင့် မြောက်အမေရိကမှာ မီးတွေထိန်ထိန်လင်းနေတဲ့ အဆောက်အအုံနဲ့တာဝါတိုင်တွေကို တိုက်မိပြီး နှစ်စဉ်နှစ်တိုင်း ငှက်သန်းပေါင်း ၁၀၀ ကျော် သေဆုံးနေကြပါတယ်။ ပင်လယ်လိပ်အမတွေကလည်း မှောင်မိုက်တဲ့ ကမ်းခြေတွေမှာပဲ အသိုက်လုပ်လေ့ရှိကြတာကြောင့် ကမ်းရိုးတန်းတွေနဲ့ ကမ်းခြေတွေမှာ အလင်းပိုလျှံမှုက ဇဝေဇဝါဖြစ်စေပြီး အသိုက်လုပ်ခြင်းတွေရပ်ပစ်ခြင်းနဲ့ မကြာခဏအလိုလိုတွားသွားပြီး တစ်နှစ်မှာ သန်းနှင့်ချီ သေဆုံးကြပါတယ်။ ငှက်မျိုးစိတ် ၂၀၀ ခန့် မြောက်အမေရိကရဲ့ ညအချိန်တွေမှာ ရွှေ့ပြောင်းပျံသန်းကြပြီး ရာသီဥတု ဆိုးရွားမှု၊ တောက်ပတဲ့အလင်းရောင်တွေ၊ အဆောက်အအုံတွေနဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကြောင့် ပုံမှန် မဟုတ်တဲ့ အနှောင့်အယှက်ရှုပ်ထွေးမှုတွေ ရင်ဆိုင်ကြရပါတယ်။ New York City Audubon Society ရဲ့အမှုဆောင် ဒါရိုက်တာ Glenn Phillips က New York City မြို့တခုတည်းမှာ နှစ်စဉ်ရွှေ့ပြောင်းငှက် အရေအတွက် ၁၀,၀၀၀ လောက် မိုးမျှော်တိုက်တွေနဲ့ အထပ်မြင့်အဆောက်အအုံတွေကို ဝင်တိုက်မိပြီး ဒဏ်ရာရခြင်း ဒါမှမဟုတ် သေဆုံးခြင်းတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။ မြောက်အမေရိကတိုက်မှာ အဆောက်အအုံတွေနဲ့ တိုက်မိတာကြောင့် သေဆုံးရတဲ့ ငှက်အရေအတွက်က နှစ်စဉ် ၉၈ သန်းကနေ တစ်ဘီလီယံနီးပါးအထိရှိတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ တိုက်မိတာကြောင့် နှစ်စဉ် ငှက် ငါးသန်း ကနေ သန်း ၅ဝခန့် သေဆုံးကြောင်း ခန့်မှန်းထားပါတယ် (Chepesiuk, 2009)။ ဖလော်ရီဒါကလိပ်တွေက အလင်းညစ်ညမ်းမှုကြောင့် နှစ်စဉ် နှစ်တိုင်း သန်းနဲ့ချီတဲ့ သားပေါက်တွေကို ဆုံးရှုံးကြရပါတယ်။ အချို့သောတိရစ္ဆာန်တွေက နေ့ဘက်မှာအိပ်စက်ကြပြီး ညဘက်လှုပ်ရှားလေ့ရှိကြပါတယ်။ ဒါကြောင့် အလင်းအတုတွေကရွှေ့ပြောင်းငှက်တွေကိုလမ်းကြောင်းလွဲစေခြင်း၊ ရွှေ့ပြောင်းကာလစောလွန်းခြင်း သို့မဟုတ် နောက်ကျခြင်းတွေကိုဖြစ်စေနိုင်ပါတယ် (Staff, 2023)။ အလင်း ညစ်ညမ်းမှုကြောင့် အင်းဆက်အရေအတွက် ကျဆင်းလာတာက အစာနဲ့ဝတ်မှုန်ကူးခြင်းကို မှီခိုနေရတဲ့ မျိုးစိတ်အားလုံးကို ခြိမ်းခြောက်စေပါတယ်။ အလင်းရောင်ပိုလျှံခြင်းက ညအချိန်မှာ ပေါက်တက်တဲ့ပန်း၊ အပင်တွေရဲ့ကြီးထွားမှုနဲ့မျိုးပွားမှုကိုလည်း အနှောင့်အယှက်ဖြစ်စေပြီး သက်တမ်းတွေကို တိုတောင်းစေပါတယ် (Change, 2022)။

လူသားတွေရဲ့ ကျန်းမာရေးထိခိုက်စေခြင်း

အလင်းညစ်ညမ်းမှုက လူသားတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဥရောပသားနှင့် အမေရိကန် လူမျိုး ၉၉% ကျော်ပါဝင်တဲ့ ကမ္ဘာ့လူဦးရေ ၈၃% ခန့် က ညစ်ညမ်းတဲ့အလင်းတွေဖုံးလွှမ်းထားတဲ့ ညကောင်းကင်ယံ အောက်မှာနေထိုင်ကြပါတယ် (Panko, 2016)။ အလင်းရောင်လွန်ကဲစွာ ထိတွေ့မှုနဲ့ အလင်းညစ်ညမ်းမှုကြောင့် လူတွေကအဝလွန်ခြင်းနဲ့ ကင်ဆာအမျိုးမျိုးဖြစ်ပွားကြပါတယ်။ Stevens ဆိုသူက ညအချိန် အလင်းညစ်ညမ်းမှု အဆင့်တွေကို တိုင်းတာဖို့ အစ္စရေးနိုင်ငံရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အသုံးပြုပြီး အလင်းညစ်ညမ်းမှုနဲ့ လူ့ကျန်းမာရေးကြားက ချိတ်ဆက်မှုကို သက်သေပြတဲ့အခါ ညသန်းခေါင်မှာတောင် စာအုပ်ဖတ်နိုင်တဲ့အထိ အလင်းအားကောင်းတဲ့ရပ်ကွက်မှာ နေထိုင်တဲ့အမျိုးသမီးတွေက အလင်းရောင်အနည်းဆုံးရှိတဲ့ နေရာတွေမှာ နေထိုင်တဲ့အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၇၃% ပိုများကြောင်းတွေ့ရှိခဲ့ပါတယ် (Chepesiuk, Environ Health Perspect, 2009)။   ကျန်းမာရေးဆိုင်ရာထိခိုက်မှု နောက်တစ်ချက်အနေနဲ့ သဘာဝခန္ဓာကိုယ်လည်ပတ်မှုဖြစ်စဉ်မှာ melatonin ဆိုတဲ့ အိပ်စက်မှုနဲ့နိုးထမှုတွေအလိုလိုဖြစ်စေတဲ့ ဟော်မုန်းတွေလျှော့ကျမှုတွေကြောင့်  လူတွေရဲ့အိပ်ချိန်မမှန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်ရေးမဝခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေကို ဖြစ်လာစေပါတယ်။ အခြားသောကျန်းမာရေးဆိုးကျိုးအနေနဲ့ စူးရှသော အလင်းတန်းတွေက မျက်လုံးထိခိုက်ပြီး အလင်းအမှောင်ကို ဆုံးရှုံးစေနိုင်သလို ယာယီကန်းစေတာမျိုးလည်းဖြစ်စေနိုင်ပါတယ် (Night, n.d.)။ Melatonin က အိပ်ပျော်စေဖို့ လှုံ့ဆော်နိုင်ရုံသာမက တခြားအရေးကြီးတဲ့ကိုယ်ခန္ဓာလုပ်ဆောင်မှုတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ ဥပမာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ခြင်၊ ကိုလက်စထရောကို လျှော့ချပေးခြင်း၊ သိုင်းရွိုက်၊ သားဥအိမ်၊ ပန်ကရိယ၊ ဝှေးစေ့နဲ့ adrenal ဂလင်းတွေကိုလည်းကူညီပေးပါတယ် (Foundation, n.d.)။ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေကနေလည်း  အပြာရောင်အလင်းတွေ ထွက်ပြီး  Melatonin ဟော်မုန်းထွက်ရှိမှုကို ကျဆင်းစေပါတယ် (Nge, 2022 )။ အလင်းရောင်အတုကြောင့် တခြားကျန်းမာရေးပြဿနာတွေမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေလည်း ပါဝင်ပါတယ်။ အမေရိကန်ဆေးဘက်ဆိုင်ရာအသင်းကောင်စီက “မျိုးစိတ်တွေနဲ့လူသားတွေကြီးထွားရှင်သန်ဖို့ အမှောင်ထုလိုအပ်တယ်” လို့ အသိပေးထားပါတယ်။ 

အလင်းညစ်ညမ်းမှုနဲ့ ကမ္ဘာ့အတွေ့အကြုံများကို လေ့လာခြင်း

Environment and Sustainability Institute က စာရေးဆရာ Dr Alejandro Sánchez de Miguel က ကမ္ဘာလုံး ဆိုင်ရာအလင်းအတုတွေရဲ့ပျံ့နှံ့မှုက သဘာဝညအချိန်တွေနဲ့ ပတ်ဝန်းကျင်ကိုပျက်စီးစေကြောင်း၊ အလင်းညစ်ညမ်းမှုက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အနေနဲ့ ဆိုးရွားစွာဖြစ်ပွားလာခဲ့ကြောင်းနဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် အတွင်းရရှိတဲ့ ဂြိုဟ်တုဆိုင်ရာအချက်အလက်တွေအရ ညအလင်းရောင်အတုတွေက တစ်နှစ်မှာ ၂.၂% တိုးလာကြောင်း တွေ့ရှိခဲ့ပါတယ် (Charlton, 2022)။ အာရှမှာတော့ စင်္ကာပူမြို့ရဲ့နေရာတိုင်းက အမှောင်ရိပ်မရှိအောင် အမြဲတမ်း အလင်းတွေ ထွန်းလင်းပေးထားပြီး အမြဲမပြတ်အလင်းပေးတဲ့နိုင်ငံအဖြစ် လူများသိကြပါတယ်။ ဒီလိုအကျိုးဆက်တွေကြောင့်ပဲ စင်ကာပူနိုင်ငံက နဂါးငွေ့တန်းကြယ်တာရာစုကို ကြည့်မြင်နိုင်တဲ့ နေရာ တစ်နေရာမှမရှိဘဲ သဘာဝနဲ့ကင်းကွာတဲ့အထိ အလင်းညစ်ညမ်းမှုရှိတဲ့နိုင်ငံဖြစ်လာပြီး ၂၀၁၆ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့သုတေသနပြုချက်အရ ကမ္ဘာ့အလင်းအညစ်ညမ်းဆုံးနိုင်ငံအဖြစ်ထည့်သွင်းခံရပါတယ် (EFE_EPA, 2019)။ ဟောင်ကောင်ရဲ့နေရာအစိတ်အပိုင်းတွေမှာလည်း နိုင်ငံတကာစံနှုန်းများထက် အဆ ၁၀၀၀ ခန့် ပိုမိုတောက်ပနေပြီး ညနေဘက်တွေမှာ အများသူငှာနေရာတွေနဲ့ မြို့တွင်းပန်းခြံများတွေက နေ့ခင်းဘက်လို လင်းထိန်စွာတောက်ပနေကြောင်းသိရပါတယ်။ ကမ္ဘာပေါ်မှာ အလင်းညစ်ညမ်းမှုအများဆုံးနိုင်ငံတွေက စင်္ကာပူ၊ ကူဝိတ်၊ ကာတာ၊ UAE နဲ့ ဆော်ဒီအာရေဗျတို့ ဖြစ်ကြပါတယ်။ အလင်းညစ်ညမ်းမှု အနည်းဆုံးနိုင်ငံတွေကတော့ Chad၊ Central African ၊ Madagascar၊ Guinea နိုင်ငံတို့ဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်အချို့ကစ အလင်းညစ်ညမ်းမှု ပိုမိုပြင်းထန်လာပြီး မြောက်အမေရိကနဲ့ ဥရောပမှာနှစ်စဉ်နှစ်တိုင်း ၆ % တိုးလာကြောင်း သုတေသီများက သုတေသနပြုချက်အရသိရပါတယ် (Panko, Earth, 2016)။

စိန်ခေါ်မှုနဲ့ အမှန်တရား

စိန်ခေါ်မှုအနေနဲ့အလင်းညစ်ညမ်းမှုက စွမ်းအင်အလေအလွင့်တွေကြောင့် ကာဗွန်ခြေရာတွေများပြားလာစေနိုင်ပါတယ် (Eclipse, n.d.)။ International Dark-Sky Association ကအမှုဆောင်ဒါရိုက်တာ Ruskin Hartley က တခြားပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့မတူဘဲ အလင်းညစ်ညမ်းမှုကိုဖြေရှင်းရတာက ရိုးရှင်းပြီးငွေကုန်သက်သာတဲ့အတွက် အမြန်ဆုံးနဲ့ရလဒ်တွေရရှိနိုင်ပါတယ်လို့ပြောပါတယ် (Charlton, Energy Transition, 2022)။ ဒါပေမဲ့ “ဂေဟဗေဒအလင်း ရောင်ညစ်ညမ်းမှု” ဆိုတဲ့ ဝေါဟာရကို တီထွင်ခဲ့တဲ့ မြို့ပြဂေဟဗေဒပညာရှင် Travis Longcore က ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းကတော့ ခြုံငုံပြောရရင် ဒါတွေကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အုပ်ချုပ်မှု အစီအစဉ်မရှိသေးကြောင်းပြောပါတယ် (McDermott, 2023)။  ဒါကြောင့် အမှန်တရားတစ်ခုက အလင်းညစ်ညမ်းမှုက တွင်ကျယ်မှုမရှိသေးတဲ့ ပြဿနာ၊ အလေးထားခံရမှုမရှိသေးတဲ့ ပြဿနာတခု ဖြစ်နေတာပါပဲ။

နိဂုံး

ဒါကြောင့် အလင်းညစ်ညမ်းမှုကို ကာကွယ်ဖို့ မိမိအိပ်ခန်းထဲက မီးသီးတွေ ရွေးချယ်မှုကအစ လုပ်ငန်းအလိုက်၊ ရပ်ကွက်၊ ရပ်ရွာ၊ မြို့၊ နိုင်ငံနဲ့ချီပြီး အလင်းရောင်တွေကိုမှိန်ချခြင်းနဲ့အလင်းပြန်မှုကိုလျှော့ချကာ အမှောင်ထုကို နေရာ ပေးဖို့လိုအပ်ပါတယ်။ အလင်းညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ လူသားတွေရဲ့ကျန်းမာရေးပြဿနာ၊ ဂေဟစနစ်၊ အပင်နဲ့ တိရစ္ဆာန်တွေကိုကောင်းမွန်တဲ့ရေရှည်တည်တံ့မှုအတွက် စွမ်းအင်ဆိုင်ရာတီထွင်ဖန်တီးမှု၊ ကောင်းမွန်စွာဒီဇိုင်း ထုတ်ထားတဲ့ အကာအရံပစ္စည်းတွေကို ထုတ်လုပ်ပြီး လူနေမှုအရည်အသွေးကို မြှင့်တင်ဖို့လိုပါတယ်။ အီတလီနိုင်ငံ Light Pollution Science and Technology Institute က သုတေသီ Fabio Falchi က "မီးတွေပိတ်လိုက်ပြီး အလင်းညစ်ညမ်းမှုအဆင့်ကိုလျှော့ချနိုင်ပေမယ့် လုပ်ခဲ့ပြီးသား ပျက်စီးဆုံးရှုံးမှုတွေကိုပြန်မရနိုင်ကြောင်း” သိပ္ပံစာ တစောင်မှာပြောထားပါတယ်။ ဒါကြောင့် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အလင်းရောင်ဆိုင်ရာ စည်းမျဉ်းဆိုင်ရာအသိပညာတွေကို မြှင့်တင်ရုံမက လုံလောက်တဲ့ နှိုးဆော်မှုတွေနဲ့ ထိန်းချုပ်ဖို့လိုအပ်သလို ထိရောက်တဲ့ဥပဒေတွေ၊ မူဝါဒတွေနဲ့ လူသားထုတစ်ရပ်လုံးအတွက် အလေးထားဆောက်ရွက်ဖို့လိုနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အချုပ်ဆိုရရင် အလင်းညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းတာက သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့၊ လူသားတွေရဲ့ကျန်းမာရေးကို ကာကွယ်ဖို့နဲ့ ညရဲ့သဘာဝ၊ အာကာသရဲ့ အလှတွေကိုစူးစမ်းလေ့လာနိုင်စွမ်း ရှိစေဖို့အတွက်အရေးကြီးပါတယ်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အလင်းညစ်ညမ်းမှု
#သဘာဝ ပတ်ဝန်းကျင် 

References
Annika, Constantinos. (2021, May 26). 10.3390/su13115991. Retrieved from mdpi: https://www.mdpi.com/2071-1050/13/11/5991
Change, U. f. (2022, July 11 ). Environment. Retrieved from uniteforchange: https://uniteforchange.com/en/blog/environment/human-impact/
Charlton, E. (2022, June 15). Energy Transition. Retrieved from weforum: https://www.weforum.org/agenda/2022/06/light-pollution-health-climate/
Ibid, E. (2022, June 15). 
Chepesiuk, R. (2009, January). Environ Health Perspect. Retrieved from ncbi.nlm.nih: https://www.ncbi.nlm.nih.gov/pmc/articles/PMC2627884/
Ibid, R. (2009, January). 
Conxcorp. (n.d.). Understanding Light Pollution. Retrieved from conxcorp: http://conxcorp.com/understanding-light-pollution/
Darksky. (n.d.). Retrieved from darksky: https://darksky.org/what-we-do/advancing-responsible-outdoor-lighting/
Dutfield, S. (2022, April 6). Pollution. Retrieved from livescience: https://www.livescience.com/light-pollution
Eclipse, E. (n.d.). Retrieved from eartheclipse: https://eartheclipse.com/environment/pollution/serious-effects-of-light-...
EFE_EPA. (2019, June 11). World News. Retrieved from mizzimaburmese: https://mizzimaburmese.com/article/57794
Filmer, J. (2016, 12 2). Futurism. Retrieved from futurism: https://futurism.com/the-effects-of-light-pollution-on-the-environment
Foundation, G. (n.d.). Light pollution’s effect on human health. Retrieved from greatbasinobservatory: https://greatbasinobservatory.org/preserve-our-night-skies/light-polluti...
McDermott, A. (2023, June, 28). Science and Culture. Retrieved from pnas: https://www.pnas.org/doi/10.1073/pnas.2309539120
Nge, K. N. (2022 , July 3). Light polution and Human Health. Retrieved from mdn: https://mdn.gov.mm/my/alngreaangnnycnnymkhngkeaang-knmaareape-akiuskreaa...
Night, G. a. (n.d.). Light Pollution. Retrieved from globeatnight: https://globeatnight.org/light-pollution/
Nordling, G. (2023, Jan 13). Tell Me About: Light Pollution. Retrieved from floridamuseum.ufl: https://www.floridamuseum.ufl.edu/earth-systems/blog/tell-me-about-light...
Panko, B. (2016, June 10). Earth. Retrieved from science: https://www.science.org/content/article/nighttime-light-pollution-covers...
Ibid, B. (2016, June 10). 
Rinkesh. (n.d.). Light Pollution: Types, Causes & Effects and Effective Solutions. Retrieved from conserve-energy-future: https://www.conserve-energy-future.com/types-causes-and-effects-of-light...
Robert, C. (2016, June 19). Singapore. Retrieved from tnp.straitstimes: https://tnp.straitstimes.com/news/singapore/singapore-has-most-light-pol...
Staff. (2023, July 31). Effects of light pollution. Retrieved from darksky: https://darksky.org/resources/what-is-light-pollution/effects/wildlife-e...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly