မြန်မာစက်ရုံများရှိ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုကိစ္စများကို H&M စုံစမ်းစစ်ဆေး

By ရိုက်တာ
16 August 2023
မြန်မာစက်ရုံများရှိ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုကိစ္စများကို H&M စုံစမ်းစစ်ဆေး
Workers tailor and arrange clothing at a garment factory at Hlaing Tar Yar industry zone in Yangon March 10, 2010.

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အဝတ်အစား ကုမ္ပဏီကြီးဖြစ်သည့် H&M က ယင်း၏ အပ်ထည်အော်ဒါများကို လက်ခံချုပ်လုပ်သည့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ၌ အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံရမှု၊ မတရားဖိနှိပ်ခံရမှု ဖြစ်စဉ် ၂၀ နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု ရိုက်တာကို ပြောသည်။ ဤမတိုင်မီ သီတင်းပတ်များအကြာကလည်း အဓိကပြိုင်ဘက် Zara အဝတ်အစားအမှတ်တံဆိပ် ပိုင်ရှင် Inditex က မြန်မာနိုင်ငံမှ အထည်ဝယ်ယူမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပြောခဲ့သည်။

၂၀၂၂ ဖေဖေါ်ဝါရီလမှ ၂၀၂၃ ဖေဖေါ်ဝါရီလအကြားတွင် မြန်မာအထည်ချုပ်စက်ရုံများ၌ အလုပ်သမားများအပေါ် မတရားဖိနှိပ်မှုများ ရှိသည် ဆိုသည့် ဖြစ်စဉ် ၁၅၆ ခုကို ယူကေအခြေစိုက် လူ့အခွင့်အရေး ထောက်ခံအားပေးမှု အဖွဲ့တစ်ခုက လိုက်လံစုံစမ်းခဲ့သည်။ နှိုင်းယှဉ်ကြည့်ပါက အစောပိုင်းနှစ်က ဖြစ်စဉ် ၅၆ ခုသာ ရှိခဲ့သည်ဖြစ်သည့်အတွက် ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် အလုပ်သမား အခွင့်အရေးများ ယိုယွင်းဆိုးရွားလာနေကြောင်းကို ပြသနေသည်။

လုပ်ခ လျှော့ချခံရခြင်းနှင့် လုပ်ခ ခိုးယူခံရခြင်းတို့သည် အကြိမ်ရေအများဆုံး တိုင်တန်းသည့် စွပ်စွဲမှုများဖြစ်ပြီး ယင်းတို့နောက်တွင် အလုပ်မှ မတရား ထုတ်ပယ်ခံရခြင်း၊ လူမဆန်စွာ အလုပ်ခိုင်းစေမှုများနှင့် အချိန်ပို အတင်းအကျပ် ဆင်းခိုင်းခြင်း တို့ ရှိနေသည်ဟု NGO အဖွဲ့ဖြစ်သည့် စီးပွားရေးနှင့် လူ့အခွင့်အရေး ရင်းမြစ်စင်တာ (BHRRC) ၏ ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ရန် ရှိသည့် ရိုက်တာက ကြည့်ခွင့်ရခဲ့သော အစီရင်ခံစာ တရပ်အရ သိရသည်။
“BHRRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြတဲ့ ကိစ္စအားလုံးကို စုံစမ်းစစ်ဆေးနေပါတယ်။ သက်ဆိုင်တဲ့ ပါဝင်ပတ်သက်သူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို မြေပြင်မှာ ရှိတဲ့ မိမိတို့ရဲ့ အဖွဲ့ကနေတဆင့် လိုအပ်တဲ့နေရာတိုင်းမှာ ပြန်ပြီး ပြေလည်မှုရအောင် ဆောင်ရွက်နေပါတယ်” ဟု H&M က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“မြန်မာနိုင်ငံမှာ ခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မိမိတို့ အင်မတန် စိုးရိမ်ပူပန်ရပါတယ်။ မိမိတို့ရဲ့ စံနှုန်း၊ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စိန်ခေါ်မှုတွေ တိုးလာနေတာကို တွေ့နေရတယ်” ဟု ဆွီဒင် အဝတ်အစားကုမ္ပဏီက ပြောသည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းအောက် ကျရောက်ပြီးကတည်းက အထည်ချုပ်စက်ရုံများရှိ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု စွပ်စွဲချက်များကို BHRRC က စုံစမ်းထားခဲ့သည်။ ယင်းအဖွဲ့သည် မတူညီသည့် စက်ရုံ ၁၂၄ ရုံရှိ အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များကို ထည့်သွင်းထားသည်။

Myanmar Labour News ကဲ့သို့ ပြည်တွင်းမီဒီယာများ၊ နိုင်ငံတကာမီဒီယာများ၊ သမဂ္ဂ ခေါင်းဆောင်များ အပါအဝင် ရင်းမြစ်များမှတဆင့် အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ခြေရာခံစုံစမ်းခြင်း ဖြစ်ပြီး အလုပ်သမားများကို မေးမြန်းခြင်း၊ အမှတ်တံဆိပ်များနှင့် စစ်ဆေးခြင်းအားဖြင့် တိုင်ကြားချက်များကို စိစစ်အတည်ပြုရန် ကြိုးပမ်းကြောင်း BHRRC က ပြောသည်။ ယင်း၏‌ တွေ့ရှိချက်များကို ရိုက်တာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
Inditex ၏ အပ်ထည်ပေးသွင်းသူများနှင့် ဆက်နွယ်သော အခွင့်အရေး ချိုးဖောက်မှု ဆိုသည့် ဖြစ်စဉ် ၂၁ ခုလည်း ရှိသည်ဟု အစီရင်ခံစာအရ သိရသည်။ အစီရင်ခံစာနှင့်ပတ်သက်ပြီး Inditex က မှတ်ချက်ပေးရန် ငြင်းဆန်သည်။
အစီရင်ခံစာ၏ တွေ့ရှိချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားမှုကို မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များ အသင်းကလည်း မှတ်ချက်ပေးရန် ပန်ကြားမှုကို တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

ယမန်နှစ် Primark နှင့် Marks & Spencer တို့နောက်ပိုင်း ယခု စပိန်၏ Inditex သည် မြန်မာရှိ ထုတ်လုပ်ပေးသွင်းသူများနှင့် အဆက်ဖြတ်မည်ဟု ပြောဆိုသည့် နောက်ထပ် အဝတ်အစား အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။ ယင်းကဲ့သို့ အဆက်ဖြတ်မှုက နောက်ဆုံးတွင် အထည်ချုပ်အလုပ်သမားအတွက် အခြေအနေ ပိုဆိုးစေနိုင်သည်ဟုလည်း တချို့က ပြောသည်။

ယင်းအစား တချို့အမှတ်တံဆိပ်များသည် မြန်မာရှိ ထုတ်လုပ်ပေးသွင်းသူများကို တိုးမြှင့်စောင့်ကြည့်ခဲ့ကြကြောင်း BHRRC က ပြုလုပ်သည့် ဆန်းစစ်လေ့လာချက်တွင် တွေ့ရှိသည်။ ဥပမာအားဖြင့် ပြင်ပ စာရင်းစစ်များကို အားကိုးခြင်းအစား နိုင်ငံရှိ မြေပြင်ရုံးများကြောင့် အဝတ်အစားအမှတ်တံဆိပ်များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် စစ်ဆေးမှုများကို လုပ်ဆောင်နိုင်သည်။

ဒဗ္ဗလင်အခြေစိုက် Primark သည် မြန်မာနိုင်ငံမှ အော်ဒါ မှာယူမှု ရပ်ဆိုင်းတော့မည်ဟု ပြီးခဲ့သည့် စက်တင်ဘာလက ကြေညာပြီးနောက် ယင်း၏ ရန်ကုန်အခြေစိုက် ဝန်ထမ်းအရေအတွက်ကို နှစ်ဆတိုးထားရှိခဲ့သည်ကို ဆန်းစစ်လေ့လာချက်က တွေ့ရှိခဲ့သလို ဒိန်းမတ်ဖက်ရှင်ကုမ္ပဏီ Bestseller သည်လည်း အာဏာသိမ်းပြီးနောက် မြေပြင်ရှိ ယင်း၏ ဝန်ထမ်းအရေအတွက်ကို သုံးဦီးမှ ၁၁ ဦးအထိ တိုးမြှင့်ခဲ့သည်။

မြန်မာ အထည်ချုပ်စက်ရုံများရှိ အလုပ်လုပ်ကိုင်ရမှု အခြေအနေများ တိုးတက်စေရန် ရည်ရွယ်သော အီးယူငွေကြေးထောက်ပံ့သည့် MADE ပရောဂျက်တွင် ပါဝင်သော အမှတ်တံဆိပ် ၁၈ ခုတွင် H&M နှင့် Bestseller တို့လည်း ပါဝင်သည်။
ကုမ္ပဏီများအနေဖြင့် မြန်မာမှ အထည်များ ဆက်လက် မှာယူသင့်သည် ဆိုပြီး အီးယူက သဘောထား ထားရှိသည်။ မြန်မာတွင် အထည်ချုပ်လုပ်ငန်းသည် အဓိက အလုပ်အကိုင်ခန့်အပ်ရာ လုပ်ငန်း ဖြစ်ပြီး စက်ရုံပေါင်း ၅၀၀ ကျော်သည် အမှတ်တံဆိပ်ကြီးများအတွက် အဝတ်အထည်များနှင့် ဖိနပ်များကို ထုတ်လုပ်ပေးလျက်ရှိသည်။

“လုပ်ခလစာတွေ၊ အလုပ်လုပ်ကိုင်ရမှု အခြေအနေတွေနဲ့ပတ်သက်လို့ ပြည်တွင်းက အလုပ်သမား အခွင့်အရေး အဖွဲ့အစည်းတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ဆွေးနွေးရင်းနဲ့ ကုမ္ပဏီတခုအနေနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ခင်ဗျားအနေနဲ့ ဩဇာရှိနိုင်ပါတယ်” ဟု မြန်မာဆိုင်ရာ ဥရောပ ကုန်သည်များအသင်း၏ စီအီးအို ကာရင်နာ အူဖာ့တ်က ပြောသည်။

“နိုင်ငံကနေ ထွက်ခွာတာက ပြည်တွင်းက အခြေအနေတွေအပေါ် ခင်ဗျားအနေနဲ့ ဘယ်လိုမျိုး လွှမ်းမိုးမှု ရှိနိုင်သလဲ ဆိုတာကို တွေ့ရဖို့ ခက်ပါတယ်”

မြန်မာမှ ဝယ်ယူခြင်းကို ရပ်ဆိုင်းရန် ဖိအားပေးခံနေရသော နိုင်ငံတကာ အမှတ်တံဆိပ်များသည် တည်ငြိမ်သော အလုပ်အကိုင်များကို ထောက်ပံ့ပေးနိုင်ဖွယ်ရာ အများဆုံး အမှတ်တံဆိပ်များဖြစ်သလို အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကာကွယ်ရန် ထပ်တိုးလုပ်ဆောင်ချက်များ လုပ်ပေးနိုင်ဖွယ်ရာ အများဆုံး အမှတ်တံဆိပ်များဖြစ်သည်ဟု Myanmar Centre for Responsible Business မှ ဒါရိုက်တာ၊ မြန်မာဆိုင်ရာ ယူကေသံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကပြောသည်။

“သူတို့ ထွက်တယ်ဆိုရင် အလုပ်အကိုင်တွေ လုံးလုံးလျားလျား ပျောက်ကွယ်သွားတာ ဒါမှမဟုတ် စက်ရုံအခြေအနေတွေအပေါ် အလေးမထားဘဲ ဈေးပေါအလုပ်သမားရဖို့ပဲ အလေးထားတဲ့ အလွတ်တန်း ဝယ်တဲ့ အေးဂျင့်တွေဆီကနေ အော်ဒါတွေ ရဖို့ စက်ရုံတွေအနေနဲ့ ယက်ကန်ယက်ကန်နဲ့ လုပ်ဆောင်ရတာတို့ ဖြစ်ပါလိမ့်မယ်” ဟု ဘိုးမန်းက ရိုက်တာကို ပြောသည်။

H&M probes Myanmar factory abuses as pressure intensifies

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly