ဖာပွန်မြို့ပေါ်ရှိ အစိုးရရုံး ၄ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ 

By YT (မဇ္ဈိမ)
13 August 2023
ဖာပွန်မြို့ပေါ်ရှိ အစိုးရရုံး ၄ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ 
ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်များ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများ ဗုံးခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် ည ၁၁ နာရီ ဝန်းကျင်အချိန်တွင် ဖာပွန်မြို့ပေါ်ရှိ ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး၊  မြို့နယ်တရားရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်အခွန်ရုံး၊  ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးနေအိမ်နှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာတို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်များ)

" အသံတွေက ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ပဲကြားရတာ။ ဒီဘက်က စာထုတ်ထားတာပဲ လူနေရင်လည်း သေမှာပေါ့။ လူအထိအခိုက်တော့ မရှိဘူးကြားတယ်" ဟု ဖာပွန်မြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အဆိုပါ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါနေရာများအတွင်း နေထိုင်သူမရှိ၍ လူသူအထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။ 

ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်များ)

အဆိုပါ အစိုးရရုံးများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအိမ်ရာများအား ဗုံးခွဲတိုက်ခိုက်ခြင်းကို တော်လှန်ရေးအင်အားစုများဘက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။ 

" ရုံးတွေဖောက်ခွဲမှုက တကယ်ဖြစ်ခဲ့ပါတယ်။ တော်​လှန်ရေးအဖွဲ့က လုပ်တာပါ။ ဘယ်အဖွဲ့လုပ်တယ်ဆိုတာကိုတော့ တပ်မဟာ (၅) ရဲ့ထုတ်ပြန်ချက်မထွက်သေးတဲ့အတွက် အဲ့ဒါကိုတော့ အဖြေပေးလို့မရနိုင်သေးဘူးဗျ" ဟု ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်များ)

ဖာပွန်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်) အတွင်း တည်ရှိပြီး KNU တပ်မဟာ (၅) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်တစ်ကြိမ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တစ်ကြိမ် စာထုတ်ကာ စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများ ၎င်းတို့​၏ ရာထူး၊ တာဝန်များမှ အမြန်ဆုံးနုတ်ထွက်၊ စွန့်ခွာရန် သတိပေးတောင်းဆိုထားသည်။ 

ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်များ)

KNU တပ်မဟာ (၅)​၏ ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ (၅) ​၏ ထုတ်ပြန်ချက်အပေါ် လိုက်နာ၍ ၎င်းတို့​၏ ရာထူးမှ အမြန်ဆုံးနှုတ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူများအဖြစ် သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်ခြင်း ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဖာပွန်မြို့ပေါ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ( USDP) ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုရှိပြီး အဆောက်အအုံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များ​၏ ဖော်ပြချက်အရ သိရသည်။

ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်များ)

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly