အင်ဒိုနီးရှား၏ မြိုတော်က ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဖြစ် သတ်မှတ်ခံရ

အင်ဒိုနီးရှား၏ မြိုတော်က ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဖြစ် သတ်မှတ်ခံရ
Jakarta, which has a population of more than 10 million, registers unhealthy air pollution levels nearly every day, according to IQAir. PHOTO: REUTERS

အင်ဒိုနီးရှား၏ မြို့တော် ဂျကာတာသည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဖြစ် ဩဂုတ် ၉ ရက်က သတ်မှတ်ခံရပြီး အဆိုပါမြို့သည် မေလကတည်းက ကမ္ဘာတစ်ဝန်း လေထုအညစ်ညမ်းဆုံးသော မြို့ ၁၀ မြို့တွင် ဆက်တိုက်ပါဝင်နေခဲ့ကြောင်း ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ( IQAir )၏ ဒေတာအချက်အလက်များအရ သိရသည်။

လူဦးရေ ၁၀ သန်းကျော် နေထိုင်သည့် ဂျကာတာတွင် နေ့စဉ်နေ့တိုင်းနီးပါးဆိုသလို ကျန်းမာရေးကို ထိခိုက်စေသော လေထုညစ်ညမ်းမှု လယ်ဗယ်များ ရှိနေခဲ့သည်ဟု IQAir အရ သိရသည်။

ပိုဆိုးလာသော လေထုအရည်အသွေးကြောင့် မိမိ ကလေးများ၏ ကျန်းမာရေးအတွက် အန္တရာယ်မကင်း ဖြစ်စေလျက် ရှိကြောင်း မြို့ခံတစ်ဦးဖြစ်သည့် ရစ်ဇ်ကီ ပူထရာက ညည်းညူပြောဆိုသည်။

“အခြေအနေက အင်မတန်ကို စိုးရိမ်စရာကောင်းနေတယ်လို့ ထင်တယ်” ဟု မစ္စတာ ရစ်ဇ်ကီက ပြောသည်။

“ချောင်းဆိုး၊ အအေးမိ တာလိုမျိုး လက္ခဏာတွေနဲ့ ကလေးတော်တော်များများ နေမကောင်းဖြစ်နေကြတယ်” ဟု သူက ပြောသည်။

အလွန်ချာသော ယာဉ်အသွားအလာများ၊ စက်မှုလုပ်ငန်းများမှ မီးခိုးများ ထွက်ရှိမှုနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကြောင့် အဆိပ်အတောက်ဖြစ်စေသော လေကို ဖြစ်စေလျက် ရှိကြောင်း ဂျကာတာ မြို့ခံများက ကာလကြာကတည်းက တိုင်တန်းထားခဲ့ကြသည်။ တချို့သည် ၂၀၂၁ ခုနှစ်က လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရေး အစိုးရဘက်က အရေးတယူ လုပ်ဆောင်ရန် တောင်းဆိုသည့် အများပြည်သူဆိုင်ရာ တရားစွဲဆိုမှုတစ်ခုကို လုပ်ခဲ့ပြီး အနိုင်ရထားခဲ့သည်။

သမ္မတ ဂျိုကို ဝီဒိုဒိုအနေဖြင့် လူ့ကျန်းမာရေးကို ကာကွယ်ရန် အမျိုးသား လေထုအရည်အသွေး စံနှုန်းများ ထူထောင်သတ်မှတ်ရန် နှင့် ကျန်းမာရေး ဝန်ကြီးနှင့် ဂျကာတာ အုပ်ချုပ်ရေးမှူးတို့က လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး မဟာဗျူဟာများ စီစဉ်ချမှတ်ရန် ထိုစဉ်က တရားရုံးက ဆုံးဖြတ်ခဲ့သည်။
လက်ရှိအချိန်ထိတော့ လေထုညစ်ညမ်းမှုလယ်ဗယ်က ဆက်လက် ဆိုးရွားနေသည်ဟု လေထုအရည်အသွေး အက်ပလီကေးရှင်း Nafas Indonesia ကို ပူးတွဲတည်ထောင်သူ မစ္စတာ နေသန် ရိုစ်တန်ဒိုင်က ပြောသည်။

“ကျွန်တော်တို့ဟာ တစ်နေ့တစ်နေ့ကို အကြိမ် ၂၀,၀၀၀ ကျော် အသက်ရှုကြတယ်။ ဆိုတော့ နေ့တိုင်း ဒီညစ်ညမ်းတဲ့ လေကို ကျွန်တော်တို့ ရှုရှိုက်ရမယ်ဆိုရင် အသက်ရှုလမ်းကြောင်းနဲ့ အဆုတ်နဲ့ ဆိုင်ရာ ရောဂါတွေ၊ ယုတ်စွအဆုံး ပန်းနာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒါက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ဒါမှမဟုတ် ယုတ်စွအဆုံး စိတ်ကျန်းမာရေးအပေါ်မှာလည်း ထိခိုက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဂျကာတာ၏ လေထုညစ်ညမ်းမှု ပြဿနာနှင့်ပတ်သက်ပြီး ဩဂုတ် ၈ ရက်က သတင်းထောက်များ၏ မေးမြန်းမှုကို သမ္မတ ဂျိုကိုဝီက ဖြေကြားရာတွင် ယခုပြဿနာအတွက် ဖြေရှင်းချက်က နိုင်ငံ၏ မြို့တော်ကို ဂျကာတာမှ နူဆန်တာရာသို့ ပြောင်းရွှေ့ခြင်း ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောသည်။ ဂျိုကိုဝီ ဦးဆောင်သော အစိုးရသည် လက်ရှိတွင် ဘော်နီယိုကျွန်းပေါ်ရှိ မြေပေါ်တွင် မြို့တော်သစ်ကို တည်ဆောက်လျက် ရှိသည်။

Indonesia’s capital named world’s most polluted city
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly