သံလွင်မြစ်အပါအဝင် မြစ် ၉ စင်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နေ 

By မဇ္ဈိမ 
10 August 2023
သံလွင်မြစ်အပါအဝင် မြစ် ၉ စင်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နေ 
ပုံစာ - လေးမြို့မြစ်ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာများမှ လူနေအိမ်အချို့ ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း။ (ပုံ-လူမှုကွန်ရက်)

မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် တိုင်းနှင့်ပြည်နယ် ခြောက်ခုမှ မြစ်ကိုးစင်းသည် စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လလယ်မှစတင်ကာ  မြန်မာနိုင်ငံဒေသအများစု  မိုးဆက်တိုက်ရွာသွန်းပြီး‌နောက်  မြစ်ရေများမြင့်တက်လာခြင်း ဖြစ်သည်။ 

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် ဘားအံမြို့၊ သောင်းရင်းမြစ်ရေသည် မြ၀တီမြို့၊ကချင်ပြည်နယ်၌ နန့်ယင်းနှင့် နန့်ကောင်းမြစ်သည် မိုးညှင်းနှင့် မိုးကောင်းမြို့၊ ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ လေးမြို့မြစ်ရေသည် ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၊ဘီးလင်းမြစ်ရေသည် မွန်ပြည်နယ် ဘီးလင်းမြို့၌  စိုးရိမ်ရေမှတ်အထက် တပေမှ ငါးပေခန့်အထိ မြင့်တက်နေသည်ဟု မိုးဇလက ယနေ့ ဩဂုတ် ၁၀ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင် ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တွင် လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တွင်လည်းကောင်း စိုးရိမ်ရေမှတ်အထက်တွင်ရှိနေသည်ဟု သတိပေးထားသည်။ 

“  အဓိက သတိထားရမှာက မြစ်ရေက ဆက်တက်နိုင််သေးတာလား၊ ပြန်ကျနိုင်သလားဆိုတဲ့ မြစ်ရေအခြေအနေသတင်းကို သတိပြုနားထောင်ပြီးတော့ နေထိုင်သင့်တယ်။ ဆက်ပြီး ရေတက်မယ်ဆိုရင်တော့ ကိုယ့်နေရာက မလုံခြုံတော့ရင် ကယ်ဆယ်ရေးစခန်းတို့၊ ဘာတို့ လွတ်တဲ့နေရာတွေမှာ ပြောင်းရွေ့နေထိုင်သင့်တယ် ” ဟု မိုးဇလဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္စျိမကို ပြောသည်။ 

အထက်ပါ မြစ်အများစုသည် စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်မြင့်တက်နေနိုင်ကြောင်း မိုးဇလက ယနေ့ ထုတ်ပြန်ထားသည်။ ထို့အပြင် ဧရာဝတီမြစ်ရေလည်း မြင့်တက်လာနေပြီးကချင်ပြည်နယ်၊ ရွှေကူမြို့၏ စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီဟု သတိပေးထားသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်၌ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်၊ ကရင်ပြည်နယ်တွင် မြဝတီ၊ကော့ကရိတ်၊ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်းမြို့နှင့် ပဲခူးတိုင်းတွင် ပဲခူးမြို့နယ်၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။

 ယခုရက်ပိုင်းရာသီဥတုအခြေအနေအရ  ကပ္ပလီပင်လယ်ပြင်နှင့် ဘဂ်လားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ မိုးရွာနိုင်ကာ  ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သည်
ဟု မိုးဇလက ထုတ်ပြန်ထားသည်။

လတ်တလော ရေဘေးရင်ဆိုင်နေရသော ဒေသများ၌  မိုးဆက်ကောင်းနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး ဆက်လက်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိ‌ပေးထား သည်။ 

စာတည်း-မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly