ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၍ လူ ၁ ဦး သေဆုံးကာ ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

By Malay Mail
26 July 2023
ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၍ လူ ၁ ဦး သေဆုံးကာ ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း
Photo-AFP

ဖိလစ်ပိုင်မြောက်ပိုင်းတွင် ယနေ့၌ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သဖြင့် လူတစ်ဦး သေဆုံးကာ သစ်ပင်များ ပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်ရကာ ဒေသခံ ထောင်ပေါင်းများစွာသည် ဘေးလွတ်ရာ အရပ်များနှင့် အရေးပေါ်ခိုလှုံရေးစင်တာများသို့ ရွှေ့ပြောင်းကြရသည်။

တိုင်ဖုန်းမုန်တိုင်း ဒေါ့ဆူရီသည် လူဇွန်ကျွန်းမကြီး မြောက်ပိုင်းစွန်း ဒါလူပီရီကျွန်းပတ်လည်က ရေပြင်တွင် တစ်နာရီ ၁၇၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေကြောင်း မိုးလေဝသဌာန၏ နံနက် ၁၁ နာရီ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

အနည်းငယ် လူထူထပ်သော ယင်းဒေသတွင်း လေပြင်းတိုက်ခြင်းနှင့် မိုးသည်းခြင်းများကြောင့် “အသက်အန္တရာယ်ရှိသော အခြေအနေများ” ဖြစ်နိုင်ကြောင်းကို မိုးလေဝသဌာနက သတိပေးသည်။

အစ္စဘယ်လာမြောက်ပိုင်းပြည်နယ် ရာမွန်အရပ်တွင် အုန်းပင်လဲကျသဖြင့် ပေါင်မုန့်ရောင်းနေသည့် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ပြည်နယ်သဘာဝဘေး တာဝန်ရှိသူ ကွန်စတန်တီ ဖရွန်ဒါက အေအက်ဖ်ပီသို့ ပြောသည်။

“ညကတည်းက လေရောမိုးရော ကြမ်းလို့ ကျွန်တော် အိပ်မပျော်ဘူး”ဟု အငြိမ်းစား အစိုးရဝန်ထမ်း အဂွာနာဒိုက ဆိုသည်။

“ဒီမနက် နိုးလာတော့ အိမ်ပြင်ဘက်မှာ သစ်ပင်တွေ ပြိုလဲနေတာနဲ့ သစ်ကိုင်းတွေ ကျိုးကျနေတာ မြင်ရတယ်၊ မီးလည်း ပြတ်နေတယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

ဒေါ့ဆူရီသည် အင်္ဂါနေ့က ပစိဖိတ်သမုဒ္ဒရာအတွင်း တိုက်ခတ်ချိန်၌ အားပြင်းတိုင်ဖုန်းမုန်တိုင်းအဖြစ် ရှိနေခဲ့သော်လည်း ဖိလစ်ပိုင်အနီး ရောက်ရှိချိန်တွင် အားပျော့သွားခဲ့သည်။

မုန်တိုင်းသည် တောင်တရုတ်ပင်လယ်သို့ ရွှေ့လျားလျက် ရှိပြီး အားထပ်ပျော့မည် မျှော်လင့်ရကာ ထိုင်ဝမ်အနီးမှ ဖြတ်သန်းပြီး တရုတ်အရှေ့တောင်ပိုင်းသို့ ဦးတည်နေသည်။

ထိုင်ဝမ်အရှေ့တောင်ပိုင်း ကမ်းရိုးတန်းတွင် မုန်တိုင်းအရှိန်ကြောင့် ဗုဒ္ဓဟူးနေ့၌ လှိုင်းကြီးပြီး ဗဟိုမိုးလေဝသဗျူရိုက မိုးသည်းထန်မည်ဟု သတိပေးချက် ထုတ်ထားသည်။

တရုတ်တွင်လည်း မုန်တိုင်းသတိပေးချက် အမြင့်ဆုံး ထုတ်ထားပြီး ရထားများ ရပ်တန့်ထားကာ မုန်တိုင်းချည်းကပ်လာခြင်းကြောင့် ငါးဖမ်းလှေများကို ပြန်လည်ခေါ်ယူထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required