ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအား လုပ်ကြံရန် ကြိုးပမ်းသူကို အပြစ်ရှိကြောင်း ချမှတ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအား လုပ်ကြံရန် ကြိုးပမ်းသူကို အပြစ်ရှိကြောင်း ချမှတ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်ရာ၌ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိသည်ဟု နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်ချမှတ်သည်။

ခရိုင်တရားသူကြီး နယ်ဆင်အက်စ်ရိုမန်း၏ ရှေ့မှောက်၌ ရှစ်ရက်တာ ကြားနာခဲ့ပြီးနောက် ဖြိုးဟိန်းထွဋ်အား အပြစ်ရှိကြောင်း ချမှတ်ကာ ၂၀၂၄ မတ် ၁၄ ရက်တွင် တရားသူကြီး ရိုမန်း၏ ရှေ့မှောက်၌ပင် ပြစ်ဒဏ် စီရင်ချက် ချမှတ်မည် ဖြစ်သည်။

“ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးအဖွဲ့မှာ ဆန္ဒအလျောက် ပါဝင်နေပေမယ့် ဖြိုးဟိန်းထွဋ်ဟာ ကိုယ်က ကာကွယ်ပေးရမယ့် လူအပေါ် သစ္စာဖောက်ခဲ့တယ်၊ သံအမတ်ကြီးကို ထိခိုက်အနာတရဖြစ်အောင် သံအမတ်ကြီးရဲ့ အကြောင်းတွေ၊ မစ်ရှင်အဖွဲ့ရဲ့ အကြောင်းတွေနဲ့ ဝန်ထမ်းရေးရာ အကြောင်းတွေကို လက်နက်ပွဲစားတစ်ဦးဆီ တိတ်တဆိတ် ပေးပို့ခဲ့တယ်၊ သူ့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံဖို့ ဂျူရီအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်တယ်”ဟု နယူးယောက် တောင်ပိုင်းခရိုင်ရှေ့နေ ဒါမိန်းဝီလီယံက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီမှ ဩဂုတ် ၅ ရက် ဝန်းကျင်ကာလအတွင်း ဖြိုးဟိန်းထွဋ်သည် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထိခိုက်ဒဏ်ရာရအောင် သို့မဟုတ် သတ်ဖြတ်ရန် ကြံစည်ခဲ့ကြောင်း၊ ထိုသို့ ကြံစည်ရာ၌ ၎င်းသည် ၂၀၂၁ ဖေဖော်ဝါရီလအတွင်းက မြန်မာအရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်ထံ လက်နက်ရောင်းချနေသော ထိုင်းနိုင်ငံက လက်နက်ပွဲစားတစ်ဦးနှင့် ဆက်သွယ်ခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားသည်။

သံအမတ်ကြီး၊ ကိုယ်စားလှယ်အဖွဲ့ အတွင်းစည်းနှင့် အခြားအမှုထမ်းများ၏ သတင်းအချက်အလက်များကို အဆိုပါ လက်နက်ပွဲစားထံသို့ ပေးပို့ခဲ့သည်။ သံအမတ်ကြီးအား ရာထူးမှ ထွက်အောင် ဖိအားပေး ကြိုးပမ်းနိုင်ရန် သံအမတ်ကြီး ထိခိုက်ဒဏ်ရာ ရသွားအောင်အတွက် တိုက်ခိုက်ရေးသမားများ ငှားရမ်းရန် လက်နက်ပွဲစားထံမှ ပေးပို့သည့်ငွေကိုလည်း ၎င်းက လက်ခံရယူခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားသည်။

နယူးယောက်၌ နေထိုင်သော မြန်မာနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ဖြိုးဟိန်းထွဋ်အနေဖြင့် ယခုကဲ့သို့ နိုင်ငံခြားသံအရာရှိတစ်ဦးကို တိုက်ခိုက်ရန် ကြံစည်မှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခံရပြီဖြစ်၍ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly