ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ဟွန်ဆန်၏ အာဏာရပါတီ ကြေညာ

ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ဟွန်ဆန်၏ အာဏာရပါတီ ကြေညာ

တစ်ဖက်သတ် အသာစီးယူထားသည်ဟု ဝေဖန်ခံခဲ့ရသည့် ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရသည်ဟု ဟွန်ဆန်၏ အာဏာရပါတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ဖော်ကြေညာသည်။

“ဒီ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အပြတ်အသတ် အနိုင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရထားတဲ့ ထိုင်ခုံနေရာ အရေအတွက်ကို တွက်ချက်လို့ မရနိုင်သေးဘူး” ဟု ကမ္ဘောဒီးယား ပြည်သူ့ ပါတီ (CPP) မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဆော့ခ် အိုင်ဆန်က တနင်္ဂနွေညချမ်းတွင် သည်စထရိတ်တိုင်းမ်ကို ပြောသည်။

CPP ပါတီသည် ဆန္ဒမဲများ၏ ၇၈ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်အထိ အနိုင်ရထားသည်ဟု ၎င်းက ပြောသည်။ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဆန္ဒမဲများကို ပျက်စီးစေရန် အတိုက်အခံတို့၏ လုပ်ဆောင်ချက်တစ်ခု ရှိသဖြင့် အနီးကပ် စောင့်ကြည့်ခဲ့သော တရားမဝင်သော မဲပမာဏအချိုးမှာ ၃ ရာခိုင်နှုန်းခန့် ရှိသည်ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ တရားဝင်မဲရလဒ်များမှာ ရက်ပိုင်းအတွင်း ထွက်ရှိလာဖွယ် မရှိသေးပေ။ သို့သော် စာရင်းသွင်းထားသည့် မဲဆန္ဒရှင် ၉ ဒသမ ၇ သန်းထဲတွင် မဲပေးသူ ရာခိုင်နှုန်းမှာ ၈၄ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း အမျိုးသားရွေးကောက်ပွဲကော်မတီက ပြောသည်။ ယင်းသည် ၂၀၁၈ ခုနှစ်၏ ၈၃ ရာခိုင်နှုန်းထက် ပိုများသည်။

နိုင်ငံတွင် ဆယ်စုနှစ် လေးစုနီးပါးကြာ ဝန်ကြီးချုပ်ရာထူးကို ရယူထားခဲ့သည့် ဟွန်ဆန် ဦးဆောင်သော CPP ပါတီသည် ၂၀၁၈ ခုနှစ်က အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာစလုံးကို အနိုင်ရခဲ့သည်။ ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင်လည်း အင်အားအကောင်းဆုံး အဓိက အတိုက်အခံပါတီကြီး ယှဉ်ပြိုင်ခွင့်မရဘဲ ဖယ်ထုတ်ခံထားရသည့်အတွက် CPP အနေဖြင့် ၂၀၁၈ ခုနှစ်ကကဲ့သို့ အလားတူအတိုင်း ဆက်ထိန်းထားနိုင်ဖွယ်ရာ ရှိနေသည်။

ယခု ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဆန္ဒမဲလက်မှတ်များကို ဖျက်ဆီးရန် ပြည်သူများကို တိုက်တွန်းထားသည့် အတိုက်အခံ တက်ကြွလှုပ်ရှားသူများ ခြိမ်းခြောက်ခံရခြင်း၊ ဖိနှိပ်ခံရခြင်း အပြင် ပြီးခဲ့သည့် မေလက အတိုက်အခံ Candlelight ပါတီ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရခြင်းတို့အပေါ် လူ့အခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြသည်။

 

Cambodian ruling party declares victory in election

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly