မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောတစ်စင်းမှ မြန်မာနိုင်ငံသား လေးဦး အပါအ၀င် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
မလေးရှားနိုင်ငံ Kuching မြို့ ဆိပ်ကမ်း မှ Sarikei မြို့ ဆိပ်ကမ်းသို့ သွားရောက်သည့် MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောသည် ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက Pulau Burung ပင်လယ်တွင် အဆက်အသွယ်ပြတ်တောက်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
“ မလေးက သင်္ဘောပေါ်မှာ လုပ်နေတဲ့ အသိတစ်ယောက်က လှမ်းပြောပြတာပါ။ မလေးရှားပြည်တွင်းပဲ ပြေးဆွဲတဲ့ ကုန်တင်သင်္ဘောဖြစ်ပါတယ်။ ဘာကြောင့် တိမ်းမှောက်ရတယ်ဆိုတာတော့ မသိရသေးဘူး၊ တိမ်းမှောက်တဲ့အထဲမှာ မြန်မာနိုင်ငံသား လေးဦးအပြင် မလေးနဲ့ အင်ဒိုနီးရှားလူမျိုး စုစုပေါင်း ကိုးဦးပါတယ်လို့ သိရပါတယ်။ အခုလက်ရှိအထိလည်း ရှာဖွေနေတုန်းပါပဲ” ဟု Myanmar Seaman Life At Sea မှ ကိုမျိုးကျော်အောင်က မဇ္စျိမကို ပြောသည်။
ယခု သဘော်နစ်မြုပ်မှုသည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများ လိုက်ပါတာ၀န်ထမ်းဆောင်နေသည့် သင်္ဘောတစ်စီး ပထမဆုံးအကြိမ် နစ်မြုပ်သွားမှု ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သင်္ဘောတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသားများမှာ ကိုသက်မင်းဇူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်းနှင့် ကိုထွန်းလင်းဦးတို့ဖြစ်သည်။
ထို့အပြင် မလေးရှားနိုင်ငံသား လေးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးလည်း ပျောက်ဆုံးမှုတွင်ပါ၀င်နေပြီး အသက်အရွယ်အားဖြင့် ၂၀ နှစ်မှ ၅၂ အရွယ်ကြားရှိကြောင်း သိရသည်။
MV Tung Sung အမည်ရှိ မလေးရှားအလံတင်ထားသည့် ကုန်တင်သင်္ဘောတိမ်းမှောက်ကြောင်း သတင်းရရှိပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (MMEA)က ဒေသတွင်းမီဒီယာများကို ပြောကြားထားသည်။
“ အခုလက်ရှိကတော့ မလေးရှားအစိုးရအဖွဲ့အစည်းတွေက ရှာနေတယ်လို့ ပြောတယ်ဆိုပေမယ့် သေဆုံးတယ်ဆိုတာကိုတော့ အတိအလင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး၊ သူတို့ရှာနေတဲ့ သတ်မှတ်အချိန်ကျော်သွားရင်တော့ တစ်ခုခုထုတ်ပြန်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပါတဲ့အတွက် အသက်ရှင်ရက် ပြန်တွေ့နိုင်ပါစေလို့ ဆုတောင်းနေပါတယ်။ “ ဟု Myanmar Seaman Life At Sea မှ ကိုမျိုးကျော်အောင်က ပြောသည်။
ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်၍လည်း သင်္ဘောတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူများကို ပြည်နယ် မီးသတ်ဌာနနှင့် ကယ်ဆယ်ရေးဌာနများက ရှာဖွေမှု ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
သို့သော် ယနေ့ မွန်းလွဲပိုင်း (ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်)အထိ ပျောက်ဆုံးနေသူများကို ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း Sebuyau ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက မီဒီယာများကို ပြောကြားထားသည်။
စာတည်း- သန့်ဇော်(သန်လျင်)