PDF များ ထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၇ ဦးထောင်ဒဏ် ၆ လစီ အမိန့်ချ

By ရွှေနွယ် (မဇ္ဈိမ)
21 July 2023
PDF များ ထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၇ ဦးထောင်ဒဏ် ၆ လစီ အမိန့်ချ

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး လက်နက်လုယူထွက်ပြေးမှု ဖြစ်ပွားပြီးနောက်တွင် ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်း ခုနစ်ဦးအား စစ်ကောင်စီမှဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်လိုက်သည်ဟု တောင်ငူထောင်နှင့်နီးစပ်သည့်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

တောင်ငူထောင်မှ အကျဉ်းသား ၁၀ ဦးထွက်ပြေးလွတ်မြောက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သော မေလ ၁၈ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ထောင်ပိုင်နှင့်ထောင်ဝန်ထမ်း ခြောက်ဦးအား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင်မူ တောင်ငူထောင်တွင်းတရားရုံးမှ တစ်ဦးလျင် ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်ခဲ့ကြောင်းနှင့် လက်ရှိတွင် တောင်ငူထောင်အတွင်း ချုပ်နှောင်ထားကြောင်း တောင်ငူထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်မှ ပြောသည်။

"ဘာပုဒ်မနဲ့လဲဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။ ၁၇ ရက်နေ့ကအမိန့်ချတာပါ။ ထောင်ဝန်ထမ်းတော်တော်များများလည်း အပြောင်းအရွှေ့ရှိပါတယ်" ဟု တောင်ငူထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်မှ ပြောသည်။

ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခံရသော တောင်ငူထောင်ဝန်ထမ်းများမှာ ထောင်ပိုင် ဦးကြည်ဦး၊ ထောင်မှူး ဦးသန်းထွန်း၊ ထောင်မှူး ဦးထွန်းထွန်းဦး၊ ဒုတပ်ကြပ် သန့်ဇင်ဝင်း၊ ဒုတပ်ကြပ် ဦးတိုး၊ တပ်သားခန့်စည်သူနှင့် ဖိုးကောက်တို့ ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် တောင်ငူထောင်တွင်း ဖမ်းဆီးအကျဉ်းချခံထားရသော အကျဉ်းသား ၁၀ ဦးမှာ ထောင်တွင်းအထူးတရားရုံးသို့ ရုံးထုတ်လာစဉ် အစောင့်တပ်သားများအား တိုက်ခိုက်၍ လက်နက်လုယူထွက်ပြေးခဲ့သည်။

ထိုကဲ့သို့တိုက်ခိုက်ထွက်ပြေးမှုတွင် အကျဉ်းသား ကိုးဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တစ်ဦးမှာမူ ကျည်ထိမှန်၍ ကျန်နေခဲ့ပြီးနောက် သေဆုံးခဲ့သည်။

ထွက်ပြေးလွတ်မြောက်လာသော အကျဉ်းသားများ၏ပစ်ခတ်မှုကြောင့် အစောင့်လိုက်ပါလာသော ထောင်တပ်ကြပ်မောင်မျိုးမှာ နေရာတွင်ပင်သေဆုံးခဲ့သည်။

ထို့နောက် ကျန်အစောင့်လိုက်ပါလာသူ နှစ်ဦးဖြစ်သည့် ဒုရဲအုပ်အေးသော်နှင့် တပ်ကြပ်ကြီး ကျော်ထွေးတို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ကြောခဲ့ပြီး တပ်ကြပ်ကြီးကျော်ထွေးမှာ မေလ ၂၉ ရက်နေ့က စစ်ကြောရေး၌ပင်သေဆုံးသွားကြောင်း မေလအတွင်းက မဇ္ဈိမ၏သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့ဖူးသည်။

တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုးဦးမှာ ကိုသန့်ဇင်၊ ကိုအောင်ကျော်ဦး၊ ကိုဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ကိုဇင်ကိုကိုအောင်၊ ကိုသီဟအောင်၊ ကိုငြိမ်းချမ်းအောင်၊ ကိုတိုးနိုင်ထွန်း၊ ကိုစည်သူသန်းအေးနှင့် မခင်မျိုးကြည် တို့ဖြစ်သည်။

၎င်းတို့သည် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြစ်သော ၄၉ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့်တရားစွဲဆိုခံထားရသူများဖြစ်ပြီး ၎င်းတို့အနက် သုံးဦးသည် သေဒဏ်ချမှတ်ခံထားရခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly