တရုတ်ဆီ မြန်မာ မြေရှားဒြပ်စင် တင်ပို့မှု ပထမနှစ်ဝက်အတွင်း  ထိုးတက်

တရုတ်ဆီ မြန်မာ မြေရှားဒြပ်စင် တင်ပို့မှု ပထမနှစ်ဝက်အတွင်း  ထိုးတက်
Photo - AFP

တရုတ်နိုင်ငံသည် မော်တော်ကားနှင့် လေစွမ်းအင်ကဏ္ဍ ကြီးထွားလာခြင်းအတွက် လိုအပ်သော မြေရှားဒြပ်စင် ထုတ်လုပ်မှုကို အရှိန်မြှင့်တင်လာရာ မြေရှားဒြပ်စင်ကို ဒုတိယအများဆုံး ပေးသွင်းသည့် မြန်မာနိုင်ငံဆီမှ တင်သွင်းခြင်းသည် ယခုနှစ်၌ ထိုးတက်ခဲ့ကြောင်း အကောက်ခွန်အချက်အလက်များက ပြသသည်။

အရှေ့တောင်အာရှ အိမ်နီးချင်း မြန်မာနိုင်ငံထံမှ မြေရှားဒြပ်စင်ရိုင်းနှင့် ဒြပ်ပေါင်း တန်ချိန် ၃၄,၂၄၁ ကို ပထမခြောက်လအတွင်း တရုတ်နိုင်ငံက တင်သွင်းရာ ၂၀၂၂ ဒုတိယနှစ်ဝက်ကထက် ၇၀ ရာခိုင်နှုန်းကျော်နှင့် ၂၀၂၂ ပထမနှစ်ဝက်ကထက် ကိုးဆ ပိုမို တင်သွင်းခြင်းပဲ ဖြစ်သည်။

မကြာသေးသော နှစ်များအတွင်း မြန်မာနိုင်ငံသည် တရုတ်၏ အကြီးဆုံး မြေရှားဒြပ်စင် တင်သွင်းသည့်နိုင်ငံဖြစ်လာပြီး dysprosium၊ yttrium နှင့် terbium အပါအဝင် မြေရှားဒြပ်စင်များ တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်သို့ ဖြစ်ကြောင်း ကနေဒါအခြေစိုက် Adamas Intelligence အဖွဲ့အစည်းအရ သိရသည်။

နယ်စပ်တစ်လျှောက် တရုတ်၏ တင်းကျပ်သော COVID ထိန်းချုပ်ခြင်းကြောင့် ကုန်သွယ်မှု အဟန့်အတား ရှိခဲ့သော်လည်း တရုတ်သည် ၎င်း၏ COVID စည်းမျဉ်းများကို စွန့်လွှတ်လိုက်သည့် ၂၀၂၂ ဒီဇင်ဘာတွင် လစဉ် တင်သွင်းမှုများ ခုန်တက်ပြီး ယခုနှစ် တစ်လျှောက် ကုန်သွယ်မှုက မြင့်မားနေဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင် တရုတ်ထံ မြေရှားဒြပ်စင် အများဆုံး ပေးသွင်းသည့် အမေရိကန်ဆီမှ တင်သွင်းမှုသည် ယခင်နှစ်ဝက်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်ဝက်၌ ၂၁ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၃၈,၂၃၆ တန် ရှိသည်။

လျှပ်စစ်ကားများနှင့် အခြားကဏ္ဍများအတွက် မရှိမဖြစ် အရေးပါသော ဘတ္တရီနှင့် အခြား ပစ္စည်းများ ထုတ်လုပ်မှုတွင် မပါမဖြစ် ဖြစ်သည့် မြေရှားဒြပ်စင် တင်သွင်းခြင်းကို တရုတ်က ကမ္ဘာတွင် ကြီးစိုးထားသည်။

အနောက်နိုင်ငံများအပေါ် စိုးရိမ်မှုများ မြင့်တက်၍ တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီများသည် ကမ္ဘာဈေးကွက်၌ ၎င်းတို့၏ လွှမ်းမိုးထားနိုင်မှုကို ဆက်လက်ထိန်းထားနိုင်ရန် အခြားပေးသွင်းသည့်နိုင်ငံများနှင့် ချိတ်ဆက်လျက်ရှိသည်ဟု အကဲဖြတ်များက ပြောသည်။

မြေရှားဒြပ်စင်ဈေး မြင့်တက်ခြင်းကြောင့် မြန်မာတွင် ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ များပြားလာခဲ့ကာ ထုတ်လုပ်မှု ထိုးတက်ခဲ့ကြောင်း ဆစ်ဒနီ အခြေစိုက် Terra Capital အဖွဲ့အစည်းမှ သုတေသီ အကြီးအကဲ ဒိုင်လန် ကယ်လီက ပြောသည်။

အိမ်နီးချင်း လာအိုနိုင်ငံသည်လည်း ယခုနှစ်၌ တရုတ်ဆီ မြေရှားဒြပ်စင် တင်ပို့မှု အချို့ ရှိခဲ့ကြောင်း အချက်အလက်များက ပြသသည်။

သို့ရာတွင် မြေရှားဒြပ်စင် ဈေးကျဆင်းခြင်းက ယခု လားရာကို နှေးကွေးသွားစေနိုင်သည်ဟု ကယ်လီက ဆိုသည်။

ကပ်ဘေးအတွင်း ဈေးကွက်ကွင်းဆက် ပြတ်၍ ၂၀၂၂ အစ၌ မြေရှားဒြပ်စင်ဈေး ဆယ်စုနှစ်တာ အမြင့်ဈေးအထိ မြင့်တက်ခဲ့သော်လည်း တင်သွင်းမှု မြင့်တက်ခြင်းနှင့် ဝယ်လိုအား ပျော့ခြင်းတို့ကြောင့် သုံးနှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ပြန်လည်ကျဆင်းခဲ့သည်။

“ဈေးက ကျနေတာကြောင့် ထုတ်လုပ်မှု ထိုးတက်နေခြင်းဟာလည်း ပြန်ပြီး ထိုးကျသွားနိုင်တယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required