စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်

By မဇ္ဈိမ 
21 July 2023
စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေမြင့်တက်လာပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဥရောပသမဂ္ဂ (အီးယူ)က  မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ခြောက်ဦးနဲ့ အဖွဲ့အစည်းတစ်ခုကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တဲ့အကြောင်း ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

 

မြန်မာနိုင်ငံမှာ ပိုဆိုးလာတဲ့ အခြေအနေတွေကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ၇ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအနေနဲ့  လူပုဂ္ဂိုလ် ၆ ဦးနဲ့ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို  အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။

 

ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနဲ့ စစ်ထောက်ချုပ်တစ်ဦးတို့ အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မြန်မာ့သတ္တုတွင်းလုပ်ငန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ ပါရှိပါတယ်။

 

အခုအချိန်မှာ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

 

ဒီအထဲမှာ စာရင်းသွင်းခံရသူတွေဟာ ပိုင်ဆိုင်မှု ထိန်းချုပ်ခံရတာ၊ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းကို တားမြစ်ခံရပါတယ်။

 ဒါ့အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာလည်း အခုလို အရေးယူဒဏ်ခတ်ပိတ်ဆို့ စာရင်းသွင်းခံထားရသူတွေ ဝင်ငွေရစေတဲ့ လုပ်ငန်းအဆက်အဆံလုပ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။

 

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပြင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ သတင်းသမားတွေကို ဆက်လက်နှိပ်စက်ညှဉ်းပန်းနေတာတွေကို လည်း ဥရောပသမဂ္ဂကရှုတ်ချထားပါတယ်။

 

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်နဲ့စက်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေမှာ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို မတင်ပို့ဖို့လည်း တားမြစ်ထားပြီး မြန်မာစစ်တပ်ကို သင်တန်းပေးတာတွေ အားလုံးကိုလည်း ရပ်တန့်ထားပါတယ်။ 

 

ဒါ့အပြင် ဥရောပသမဂ္ဂကနေ မြန်မာအစိုးရကို တိုက်ရိုက်ပေးအပ်နေတဲ့ ဘဏ္ဍာရေးအကူအညီတွေကို ရပ်ဆိုင်းထားပြီး၊ စစ်ကောင်စီကို တရားဝင်ဖြစ်မှုပေးတယ်လို့ ယူဆရတဲ့ အကူအညီအားလုံးကို ရပ်တန့်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required