ကျောက်တံခါးတွင် စစ်ကောင်စီတပ်က နံဇရွာအားမီးရှို့ဖျက်ဆီးပြီးနောက်  တိုက်ပွဲပြင်းထန်

By ရွှေနွယ် (မဇ္ဈိမ)
20 July 2023
ကျောက်တံခါးတွင် စစ်ကောင်စီတပ်က နံဇရွာအားမီးရှို့ဖျက်ဆီးပြီးနောက်  တိုက်ပွဲပြင်းထန်
စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် နံဇရွာ

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က နံဇရွာအားဝင်ရောက် မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်ဒေသခံများထံက သိရသည်။

" မီးရှို့သွားတာက အိမ် ခုနစ်အိမ်ကနေ အိမ် ၂၀ လောက်အထိပါသွားနိုင်ခြေရှိတယ်။ လောလောဆယ် နှစ်ဖက် စစ်ဆိုင်နေတာကြောင့် ရွာကိုဘယ်သူမှမကပ်ရဲသေးဘူး။ တိုက်ပွဲက ခုထိမပြီးသေးဘူး။ လက်ရှိရထားတဲ့သတင်းအရတော့ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ကြားထားတယ်။ ဘာမှတော့ အတိအကျပြောလို့မရသေးပါဘူး ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်ထောက်ပို့ရဲဘော်က ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင်ပြောသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခန့်တွင် အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်က နံဇကျေးရွာအားမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကိုဖမ်းဆီးသွားကြောင်း ၎င်းကဆိုသည်။ ထို့နောက်  EAO၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့်ထိတွေ့၍ ယနေ့ နံနက် ၁၁ နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်နေခြင်းဟုသိရသည်။

သို့သော် ဖမ်းဆီးခံရသည့်ပြည်သူအရေအတွက်နှင့် အသေးစိတ်အချက်အလက်များကိုမှု မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နံဇကျေးရွာသည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၂,၇၃၉ ဦးနေထိုင်နေသည့် ရွာဖြစ်ပြီး လက်ရှိတွင် ဒေသခံအားလုံး ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်းသိရသည်။ 

ပြီးခဲ့သည့် ဇွန်လအတွင်းကစတင်ကာ စစ်ကောင်စီတပ်သည်  ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းများကို စတင်လုပ်ဆောင်နေပြီး PDF ပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

ဇူလိုင်လ ၁၈ ရက်၊ ညပိုင်းက ကျောက်တံခါးမြို့နယ် ရန်ကုန်−မန္တလေးလမ်းဟောင်းရှိ မိုင်တိုင်အမှတ် ၁၀၁ အနီး KTV တွင် ရောက်ရှိနေသောရဲတပ်ကြပ်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ရာ သေဆုံးသူရှိခဲ့ကြောင်း ကျောက်တံခါး PDF က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly