လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်ရှေ့ ပေါက်ကွဲမှုဖြစ်၊ ဆိုင်၀န်ထမ်း ၁၂ ဦး ဒဏ်ရာရဟုဆို

By 007 (မဇ္စျိမ)
15 July 2023
လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်ရှေ့ ပေါက်ကွဲမှုဖြစ်၊ ဆိုင်၀န်ထမ်း ၁၂ ဦး ဒဏ်ရာရဟုဆို
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လားရှိုးမြို့မ စျေးမှ ဇွဲထက်ရွှေဆိုင် ပုံ 22m

လားရှိုးမြို့မဈေးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ  ဆိုင်၀န်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအတွင်းဖွင့်ထားသော ဇွဲထက်ရွှေဆိုင်ရှေ့တွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လားရှိုးမြို့မ စျေးမှ ဇွဲထက်ရွှေဆိုင် ပုံ 22m

"ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးထပေါက်တာပါ။  မနက်အစောပိုင်းဆိုတော့ လူအသွားအလာတော့ ရှင်းတယ်။  ဆိုင်ခင်းဖို့ ရောက်နေတဲ့ ၀န်ထမ်းတွေပဲ ရှိချိန်မှာပေါက်ကွဲမှုဖြစ်တယ်။  ဆေးရုံကားနဲ့ လာသယ်သွားတာ ၁၀ ယောက်မကဘူး တွေ့လိုက်တယ် "ဟု ဒေသခံဈေးသည်တစ်ဦးက ပြောသည်။

ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသောလူနှစ်ဦးက အဆိုပါဆိုင်ကယ်တွင် ဗုံးတပ်ဆင်ကာ ဆိုင်ရှေ့ထားခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် အမျိုးသား နှစ်ဦးမှာ စိုးရိမ်ရကြောင်း စစ်ကောင်စီတပ် ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။ 

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လားရှိုးမြို့မ စျေးမှ ဇွဲထက်ရွှေဆိုင် ပုံ 22m

"ဆိုင်ရှင်က စစ်မှုထမ်းဟောင်းပါ။  မြို့မဈေးထဲရော ဈေး၀န်းကျင်မှာရော လုံခြုံရေးအပြည့်ချထားတဲ့ကြားကဖြစ်တာဆိုတော့  စိတ်၀င်စားစရာတော့ ကောင်းတယ်။ ဇွဲထက်အုပ်စုက မန္တလေးမှာဆိုရင် အခုရက်ပိုင်း ကားတွေ၊ ဆိုင်ကယ်တွေ ကံစမ်းမဲဖောက်ပြီး စျေးအလှူလှည့်သလို မြို့ထဲလှည့်ပတ်နေတာတောင် ဘာမှမဖြစ်ဘဲ လားရှိုးမှာမှ ဘာလို့လာဖြစ်တာလဲ စဉ်းစားစရာပါ" ဟု လားရှိုးမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဖောက်ခွဲမှုအား မည်သည့်အဖွဲဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်တပ်ထောက်ခံသည့်တယ်လီဂရမ် ချန်နယ်သတင်းများက ဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လားရှိုးမြို့မ စျေးမှ ဇွဲထက်ရွှေဆိုင် ပုံ 22m

လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly