မင်းတပ်မြို့တွင်းရှိ စစ်‌ေကာင်စီတပ်ဂိတ်တိုက်ခိုက်ခံရပြီး   ၂ဦး သေဆုံး

By ပါခွီး (မဇ္စျိမ)
14 July 2023
မင်းတပ်မြို့တွင်းရှိ စစ်‌ေကာင်စီတပ်ဂိတ်တိုက်ခိုက်ခံရပြီး   ၂ဦး သေဆုံး
Photo - စစ်ကောင်စီ ဂိတ်စခန်းကို  တိုက်ခိုက်နေသည့်CDF မင်းတပ် အဖွဲ့ဝင်များ

ချင်းပြည်နယ် ၊ မင်းတပ်မြို့တွင်းရှိ စစ်‌ေကာင်စီတပ်ဂိတ်နှစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ချင်းကာကွယ်ရေးတပ် (မင်းတပ်) (CDF – Mindat) က ယနေ့  ဇူလိုင်လ ၁၄ရက် တွင် ထုတ်ပြန်သည်။

 စစ်ကောင်စီတပ် လက်နက်ကြီးကုန်းနှင့် ခလရ (၂၇၄) စခန်းကို အလစ်အငိုက်ချဉ်းကပ်ပြီး ဇူလိုင်လ ၁၃ရက် နံနက် ၆နာရီမှ ၇နာရီအထိနှင့် နံနက် ၁၀နာရီ ၄၇မိနစ်မှ ၁၁နာရီ ၂၀မိနစ်အထိ နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြို့တွင်းတိုက်ခိုက်မှုတွေ ထပ်မလုပ်ချင်သေးပေမယ့် ဟိုတစ်နေ့က ပစ်သတ်ခတ်ရတဲ့ ပြည်သူအလောင်းကို ကောက်ခွင့်မပေးကြလို့ လက်စားချေတဲ့အနေနဲ့ ဝင်ပစ်ခဲ့တာပါ” ဟု CDF – Mindat တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးမှုကို အတည်ပြုနိုင်ပြီး ဒဏ်ရာရရှိသူများ ရှိသော်လည်း အရေအတွက်ကို မသိရှိရ ကြောင်းဆိုသည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်က မြို့အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်  ဆိုင်ကယ်ဖြင့် မြို့ထဲသွားနေသည့်  လက်နက်မဲ့ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် က ပစ်သတ်ခဲ့ကြောင်းသိရသည်။

၎င်းသေဆုံးသွားသူ၏ ရုပ်အလောင်းကို လမ်းမပေါ်ပစ်ထားကာ လာကောက်သူအား ပစ်ခတ်ရန်  စစ်ကောင်စီတပ်က စောင့်နေကြပြီး ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုမှုကိုလည်း မလိုက်လျောသည့် အတွက် ယခုကဲ့သို့ လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ဆက်ပြောသည်။

တိုက်ခိုက်မှုအပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

လတ်တလောစစ်ရေးအခြေအနေများအရ မင်းတပ် - ကံကြီး - ဆော လမ်းပိုင်းကို ဇူလိုင်လ ၁၃ရက်နေ့မှ စ၍ သွားလာခွင့်ပိတ်ပင်ကြောင်းနှင့် ပြန်လည် အသုံးပြုနိုင်ပါ က အသိပေးသွားမည်ဖြစ်ကြောင်း CDF – Mindat ကထုတ်ပြန်ထားသည်။

အင်အား ၁၅၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒေသအတွင်းလှုပ်ရှားနေ သဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် ယင်းသို့အသိပေးထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောကြားထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly